နမ့်ဆန်မြို့တွင် စုံညီအစည်းအဝေးနှင့် မြို့နယ်ကော်မတီဝင်များ ပြန်လည်ရွေးချယ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်ဆန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇူလိုင်လ (၁၀) ရက် မွန်းလွဲ (၂) နာရီခွဲက မြို့နယ်မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ရေး အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင် တာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းဇော်ဇော်နှင့် ပြည်နယ်ကော် မတီဝင်များဖြစ်ကြသည့် ဒေါ်နန်းစံနွမ်း၊ ဒေါ်နန်းဝါဝါထွေး၊ လွိုင်လင်ခရိုင်ပါတီ အတွင်းရေးမှူး ဦးထွန်းငြိမ်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ နမ့်ဆန်မြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းအောင် နှင့် ပါတီကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် ကျေးရွာပါတီကော်မတီ ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း အင်အား (၇၅) ဦးခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ သဘာပတိနှင့် သဘာပတိအဖွဲ့ဝင်များ နေရာယူကြပြီး သဘာပတိက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ယင်းနောက်နမ့်ဆန်မြို့နယ် ပါတီတွဲဖက် အတွင်းရေးမှူး ဒေါ်ခင်သိန်းဝင်းက လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခဲ့ပြီး ပြည်နယ်ကော်မတီဝင် ဦးစိုင်းဇော်ဇော်က ပြန်လည်ရွေးချယ်ရေး လုပ်ထုံးလုပ်နည်းများအား ရှင်းလင်း ပြောကြားပေးခဲ့သည်။ယင်းနောက် အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပရာ ၂ဝ၁ဝ-၂ဝ၁၅ခုနှစ် အတွင်းတာဝန်ထမ်းဆောင်ခဲ့သော ပါတီကော်မတီဝင် (၁၅) ဦးတို့က တာဝန်မှ နုတ်ထွက်ကြသည်။

ထို့နောက် နမ့်ဆန်မြို့နယ် ပါတီကော်မတီဝင် (၁၅) ဦးနှင့် အရန်ကော်မတီဝင် (၁၅) ဦးတို့ကို လျှို့ ဝှက်မဲပေးစနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ကြသည်။ အဆိုပါ ပြန်လည်ရွေးချယ်ရေး အခမ်းအနားတွင် နမ့်ဆန်မြို့နယ် ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုင်းဝင်းထွန်းကို လည်းကောင်း၊ မြို့နယ် ပါတီအတွင်းရေးမှူးအဖြစ် ဒေါ်နန်းစိန်ညွန့်နွယ်၊ မြို့နယ်ပါတီဘဏ္ဍာရေးမှူးအဖြစ် ဦးမျိုးကျော်တို့အား အသီးသီး လျှို့ဝှက်ဆန္ဒပြု ထောက်ခံရွေးချယ်ခဲ့ကြပြီး သဘာပတိက အတည်ပြုပေးခဲ့သည်။

ထို့နောက် အတွင်းရေးမှူး ဦးထွန်းငြိမ်းနှင့် ခရိုင်ပါတီကော်မတီဝင် ဦးအေးကြူတို့က တာဝန်ပေးအပ်လွှာပေးအပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းက လက်ခံခဲ့ပြီးနောက် နမ့်ဆန်မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များက သဘာပတိရှေ့မှောက်တွင် ကတိပြုကျမ်းကျိန်လွှာကိုဖတ်ကြားခဲ့သည်။

ယင်းနောက် ကွန်ဟိန်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်း က နှုတ်ခွန်းဆက်စကားပြောကြား ပြီး သဘာပတိကနိဂုံးချုပ် အမှာ စကားပြောကြားပြီးနောက် မျက်နှာစုံညီအစည်းအဝေးကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။


Leave a Reply