အွန်လိုင်းစနစ်ဖြင့် ဒေါ်လာလေလံရောင်းဝယ်မှု စက်တင်ဘာလတွင် စမည်

အမေရိကန်ဒေါ်လာဈေးသတ်မှတ်နိုင်ရန် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို နေ့စဉ်ခေါ်ယူ၍ ဒေါ်လာလေလံပွဲလုပ်ခြင်းမှာ အချိန်ကုန်သဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

“အခုဆိုရင် နိုင်ငံခြားဘဏ်တွေပါဝင်လာပြီဆိုတော့ အရာရာကို Fax စနစ်နဲ့သွားတာ၊ ရုံးစာတို့နဲ့ သွားတာနဲ့စာရင် အွန်လိုင်းစနစ်နဲ့သွားတာက ပိုမြန်တယ်။ တိကျတယ်” ဟု ၎င်းကဆိုသည်။

အွန်လိုင်းစနစ်ဖြင့် ဒေါ်လာလေလံလုပ်သည်ဆိုသော်လည်း ပုဂ္ဂလိကဘဏ်များကတင်ပြသည့် အချက်အလက်နှင့် ပြင်ပဒေါ်လာပေါက်ဈေး အခြေအနေများကို သုံးသပ်ပြီးမှသာ ငွေလဲလှယ်နှုန်းကိုသတ်မှတ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိဒေါ်လာဈေးမှာ ပြင်ပဈေးနှင့် ကွာခြားလွန်းခြင်းမရှိဘဲ တည်ငြိမ်နေသေးကြောင်း ဦးဝင်းသော်ကဆိုသည်။

နေ့စဉ်ဒေါ်လာလေလံဈေးကြောင့် ပုဂ္ဂလိကဘဏ်မှ ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ရပြီး ငွေနှုန်းထားများကို တင်ပြရကြောင်း၊ ယခုကဲ့သို့ အွန်လိုင်းစနစ်စတင်ခြင်းကို ကြိုဆိုပြီး ငွေလဲလှယ်ရောင်းချရာတွင် ယခင်ကထက်ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေးအရာရှိ ဦးသန်းလွင်က မှတ်ချက်ပေးပြောဆိုသည်။

The Voice


Leave a Reply