ဟီတာချီက ရင်းနှီးမြှုပ်နှံနိုင်မည့် ကဏ္ဍကို စောင့်ကြည့်နေဟုဆို
ကမ္ဘာ့ထိပ်တန်းစာရင်းဝင် နည်းပညာနှင့် စက်မှုလုပ်ငန်းစုဖြစ်သော ဟီတာချီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားပြီး လုပ်သားအရင်းအမြစ်ပေါများကာ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးအချိန်ဖြစ်နေ၍ မည်သည့်ကဏ္ဍ၌ ပါဝင်လုပ်ဆောင်နိုင်မည်ကို စောင့်ကြည့်နေကြောင်း ဟီတာချီကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ ဟီရိုအကိနာကာနိရှိက ဆိုသည်။
‘‘မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်မယ့်ကဏ္ဍက စက်ရုံကြီး တွေဆောက်ပြီး ကုန်ပစ္စည်းတွေ အများကြီးထုတ်လုပ်ဖြန့်ဝေတဲ့ လုပ်ငန်းမျိုးတော့ မဟုတ်နိုင်ဘူး’’ ဟု ၎င်းက ပြောသည်။
ဟီတာချီကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက်၌ လိုအပ်သော စက်ပစ္စည်းအစိတ်အပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများအတွက်သာ လုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘မြန်မာနိုင်ငံရဲ့ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် လုပ်ငန်းကဏ္ဍမျိုးကိုပဲ လုပ်ချင်တယ်။ ဥပမာ ရထား လုပ်ငန်းကဏ္ဍဆိုပါစို့။ ပြုပြင်တည်ဆောက်မှုတွေလုပ်တဲ့အခါ ပြည်ပက အကုန်ယူလာရတာမျိုးကနေ ပြည်တွင်းမှာ တစ်စိတ်တစ်ပိုင်း ထုတ်လုပ်နိုင်မယ့်ပုံစံမျိုးက တကယ်ထိရောက်မှုရှိမယ်လို့ ယုံကြည်တယ်’’ဟု မစ္စတာက ပြော ကြားသည်။
လက်ရှိတွင် ၎င်းတို့အနေဖြင့်မြန်မာနိုင်ငံ၌ ဂျပန်အစိုးရထောက်ပံ့ငွေဖြင့် ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေး အစိတ် အပိုင်းအချို့၌ တာဝန်ခံလုပ်ကိုင်ခွင့်ရရှိထားပြီး ပြည်တွင်းကုမ္ပဏီတစ်ခုနှင့်ပေါင်းကာ ထရန်စဖော်မာ ထုတ်လုပ် တပ်ဆင်ခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်နေသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအသစ်တစ်ရပ်အနေဖြင့် မည်သည့်အမျိုးအစားလုပ်ကိုင်နိုင်မည်ကို မြန်မာနိုင်ငံ အစိုးရသစ်၏ စီးပွားရေးဆိုင်ရာ မူဝါဒခိုင်မာသည့်အချိန်မှသာ ဆုံးဖြတ်နိုင်မည်ဟုဆိုသည်။
7 Day Daily