လုပ်ပွဲကစားမှုကို စုံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း

ဧရာဝတီယူနိုက်တက် အသင်းမှ ကစားသမားအချို့ လုပ်ပွဲကစားခဲ့သည်ဟု တိုင်ကြားစာ လက်ခံရှိထားမှုအပေါ် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အဖွဲ့ ဝင်ငါးဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

အသင်းတာဝန်ရှိသူတစ်ဦး ပါဝင်ပတ်သက်မှုဖြင့် ဧရာဝတီအသင်းမှ ကစားသမားအချို့သည် ၂၀၁၆ အူရီးဒူး မြန်မာလိဂ် ပွဲစဉ်အချို့နှင့် ၂၀၁၆ အေအက်ဖ် စီဖလား အုပ်စုပွဲစဉ်တစ်ပွဲ၌ လုပ် ပွဲကစားခဲ့သည်ဟု အသင်းနှင့် နီးစပ်သူ တစ်ဦးက သတင်းပေးတိုင်ကြားမှုအပေါ် ဘောလုံးအဖွဲ့ချုပ်ထံသို့ ဧရာဝတီအသင်းက တိုင်ကြားစာ ပေးပို့ထားသည်။

ယင်းဖြစ်ရပ်ကို စုံစမ်းစစ် ဆေးရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသန်းဇော် အပါအဝင် အဖွဲ့ချုပ်တာဝန်ရှိသူများဖြစ်သည့် ဦးတင်အောင်၊ ဦးခင်မောင်ကြိုင်၊ ဦးစိုးဝင်းနှင့် ဦးအေးချိုတို့ ပါဝင်သည့် စုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၄ ရက်တွင် အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

ယင်းကော်မရှင်သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်ကော်မတီထံ ဇူလိုင် ၁၂ ရက် နောက်ဆုံးထားပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို ထင်မြင်ယူဆချက်နှင့် အတူ တင်ပြပေးရမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားသည်။

လုပ်ပွဲကစားသည်ဟု စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းနှင့်  ပူးပေါင်း၍ ထိထိရောက်ရောက် အရေးယူမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားထားသည်။

(7 Daydaily)


Leave a Reply