အသည်းခြောက်လူနာ၊ စီပိုးနဲ့ အိတ်ခ်ျအိုင်ဗီ ပူးတွဲလူနာတွေကို အခမဲ့ကုသပေးမယ်

hep-c-meds

ပြည်တွင်းမှာရှိတဲ့ အသည်းခြောက်လူနာ၊ စီပိုးနှင့်အိတ်ခ်ျအိုင်ဗီ ပူးတွဲလူနာတွေကို နိုင်ငံတော်အစိုးရက စီပိုးကုသ ဆေးနဲ့ အခမဲ့ ကုသပေးသွားမယ်လို့ ရပါတယ်။ ဒီအစီအစဉ်ကို အသည်းဖောင်ဒေးရှင်းက ပံ့ပိုးကူညီမယ်လို့ သိရပြီး အစိုးရရဲ့ဦးဆောင်မှုနဲ့ အမေရိကန်နိုင်ငံ ဂျီလတ်(Gilead) ကုမ္ပဏီက မှာထားတဲ့ စီပိုးကုသဆေး (သုံးလစာ သောက်ဆေး) နဲ့ ကုသပေးသွားမယ်လို့ အသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က ပြောပါတယ်။

‘‘ဒီနှစ်ထဲမှာ စတော့မယ်။ စစချင်းမှာတော့ လူနာထောင် ဂဏန်းလောက်ပေါ့။ ဆေးက သုံးလပဲသောက်ရတဲ့ ဆေးပါ။ ပိုလည်းကောင်းတယ်။ ဆေးရုံကြီးတွေရဲ့ အသည်းဌာနတွေမှာ စာရင်းပေးထားတဲ့ အသည်းခြောက်နေတဲ့လူနာတွေ၊ အိတ်ခ်ျအိုင်ဗီနဲ့ စီပိုး ပူးတွဲဖြစ်နေတဲ့သူတွေကို ဦးစားပေးပြီး အခမဲ့ကုသပေးမှာပါ’’လို့ ဒေါက်တာခင်ပြုံးကြည်က ပြောပါတယ်။

ကုသပေးမယ့် အစီအစဉ်မှာ အသည်းခြောက် လူနာတွေကို ဦးစားပေးကုသပေးမှာဖြစ်လို့ လူနာတွေအနေနဲ့ အစိုးရဆေးရုံကြီးတွေက အသည်းဌာနတွေမှာ စာရင်းပေး သွင်းထား နိုင်တယ်လို့ ဆိုပါတယ်။ အခမဲ့ကုသပေးမယ့် သုံးလစာသောက်ဆေး တန်ဖိုးက ကျပ် ၁၀ သိန်းကနေ ၁၂ သိန်း ခန့်ရှိပြီး အခမဲ့အစီအစဉ်မှာ မပါဝင်သူတွေ အတွက် ဈေးကွက်ထဲမှာ  ဇူလိုင်လကုန်ကစပြီး ၀ယ်ယူနိုင်မှာဖြစ်ပြီး ၀ယ်ယူသောက်သုံးရင် ကျွမ်းကျင်ဆရာဝန်ကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့ သောက်သုံး သင့်တယ်လို့ အသည်းရောဂါကုဆရာဝန်အချို့က အကြံပြုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)


Leave a Reply