၂၁ ရာစုပင်လုံညီလာခံအတွက် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပြင်ဆင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) တွင် နိုင်ငံရေးမူဘောင်တစ်ခုတင် ပြနိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ ရန်ကုန်မြို့၌ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။

UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ရန်ကုန်မြို့တွင် ဇွန်လ (၃၀) ရက်မှ ဇူလိုင် (၂) ရက်အထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးနေကြသည်ဟု UNA မှ ဦးမျိုးကျော်က ပြောသည်။

‘‘ကျွန်တော်တို့ရဲ့ နိုင်ငံရေး မူဘောင်မူကြမ်းထဲမှာ အနာဂတ် ပြည်ထောင်စုပုံစံ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ထည့်သွင်းထားတယ်။ အခုတော့ မူကြမ်းပဲရှိသေးတယ်။ သုံးရက်ကြာ ဆွေးနွေး မယ်’’ ဟု ဦးမျိုးကျော်က ဆိုသည်။

UNA တွင် နိုင်ငံရေးမူဘောင် မူကြမ်းတစ်ခုရှိနေသော်လည်း ၎င်းကို ပိုမိုပြည့်စုံစေရန်နှင့် တိုင်းရင်းသား များ၏ အမြင်များနှင့် သဘောများကို ဆွေးနွေးပွဲကာလအတွင်း မူကြမ်း၌ ဖြည့်စွက်မည် ဟု UNA တာဝန်ရှိသူများက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အစိုးရက လာမည့်ဩဂုတ်အတွင်း ကျင်းပရန် စီစဉ်နေခြင်း ဖြစ်ကာ အဆိုပါညီလာခံကို နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ် နေရာရရှိမှသာ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ရမည်ဖြစ် ကြာင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

UNA တွင် အဖွဲ့ဝင် (၁၂) ဦး ပါရှိပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့က လွှတ်တော်တွင် နေရာရထားသည်။

UNA သည် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ မဟာမိတ်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် နိုင်ငံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် မှုများရှိခဲ့သည်။ ၁၉၉၀ အထွေထွေရွေး ကောက်ပွဲတွင် အနိုင်ရထားသော တိုင်းရင်းသားပါတီများဖြင့် UNA ကို ဖွဲ့စည်းခဲ့ကာ စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင်ပါတီ (၁၂) ခုရှိခဲ့သည်။

7 Day Daily


Leave a Reply