မြန်မာ-နယ်သာလန် လေကြောင်း တိုက်ရိုက် ပြေးဆွဲရန် သဘောတူစာချုပ် ချုပ်ဆို

မြန်မာ – နယ်သာလန် လေကြောင်းခရီးစဉ် တိုက်ရိုက်ပျံသန်း ပြေးဆွဲနိုင်ရန် နှစ်နိုင်ငံကြား သဘောတူ စာချုပ်ကို ဇွန်လ (၂၇) ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“နှစ်နိုင်ငံကြား သဘောတူ စာချုပ်ရှိမှ ပျံသန်းလို့ရမှာ၊ ပြေးဆွဲလို့ ရပြီဆိုပေမယ့် ဈေးကွက်တည်ဆောက် ရဦးမှာပါ။ ပွင့်လင်းလာတဲ့ ခေတ် အခြေအနေအရ နှစ်နိုင်ငံကြား ခရီးသွားလာမှုတွေလည်း ရှိလာနိုင်ပါတယ်”ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ပို့ဆောင်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယခု ချုပ်ဆိုလိုက်သော လေကြောင်းသဘောတူ စာချုပ်သည် ယခင် ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များကို အသစ် ပြန်လည်ရေးဆွဲ ချုပ်ဆိုခြင်းဖြစ်ပြီး စာချုပ်သစ်တွင် နှစ်နိုင်ငံကြား လေကြောင်းဆိုင်ရာ ပြေးဆွဲမှုများအတွက် ဖြေလျှော့မှုများနှင့် ခရီးသည် လုံခြုံရေးဆိုင်ရာ စံနှုန်းများကို အဆင့်မြှင်တင်ထားပြီး ယင်းသို့ ပြေးဆွဲရာတွင် နှစ်နိုင်ငံကြား တစ်ပတ်လျှင် ခရီးစဉ် ခုနှစ်ကြိမ် ပျံသန်းပြေးဆွဲနိုင်ကြောင်း ပို့ဆောင်ရေးဌာနခွဲ တာဝန်ရှိသူက ရှင်းပြသည်။

“လက်ရှိခရီးသွား ကဏ္ဍမှာက နယ်သာလန်ဘက်က ဝင်ရောက်မှုက သိပ်မရှိသေးပါဘူး။ အရင်က ပြေးဆွဲဖို့ စာချုပ် ချုပ်ဆိုခဲ့ပေမယ့် ဈေးကွက် မရှိခဲ့ဘူး။ အခုခေတ် အနေအထားနဲ့တော့ ပျံသန်းနိုင်ရင်တော့ သွားရ လာရတာ ကောင်းသွားတာပေါ့”ဟု ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြေးဆွဲနေသော အပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်း ၂၅ ခုနှင့် ပြည်တွင်း လေကြောင်း လိုင်း ၁၀ ခုရှိသည်။

ယင်းသို့ နှစ်နိုင်ငံကြား ပျံသန်းပြေးဆွဲခွင့် သဘောတူ လတ်မှတ်ရေးထိုးပွဲသို့ ကိုယ်စာလှယ်များအနေနှင့် မြန်မာ့ အမျိုသား လေကြောင်းလိုင်း၊ Myanmar Airways International၊ Golden Myanmar Airlines တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်

The Voice


Leave a Reply