မန္တလေး-ကောလင်း ရထားခရီးစဉ်အသစ် ဇူလိုင် ၁ ရက် စတင်ပြေးဆွဲမည်

မန္တလေးမှ ကောလင်းဘူတာသို့ RBE ရထားအသစ်ဖြင့် ဇူလိုင် (၁) ရက်မှစ၍ ရထား ခရီးစဉ်အသစ် တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား  မန္တလေးဘူတာကြီးမှ သတင်းရရှိသည်။

အဆိုပါရထားခရီးစဉ်အသစ် စတင်ပြေးဆွဲနိုင်ရန် မြစ်ငယ်ရထားစက်ခေါင်းစက်ရုံတွင် ဂျပန်နိုင်ငံမှ ဝယ်ယူ ထားသည့် RBE ရထားအသစ်  ရောက်ရှိနေပြီး ခရီးသည်တစ်ဦးလျှင် လက်မှတ်ခ ကျပ် ၄,၀၀၀ သတ်မှတ်ထားကြောင်း မြန်မာမီးရထား မန္တလေးဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးညိမ်းမောင်က ပြောသည်။

မန္တလေး-မြစ်ကြီးနားရထားခရီးစဉ်တွင် ခရီးသည်သွားလာမှု အများဆုံးလမ်းကြောင်းဖြစ်သည့် အတွက် မန္တလေး-ကောလင်း ရထားလမ်းကြောင်းသစ်  ထပ်မံ ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးညိမ်းမောင်က ဆိုသည်။

မန္တလေးဘူတာကြီးမှ ဇူလိုင် (၁) ရက် ညနေ ၃ နာရီခွဲတွင် ကောလင်းဘူတာသို့ ရထားခရီးစဉ် စတင် ထွက်ရှိမည်ဖြစ်ပြီး အဆိုပါလမ်းကြောင်းအတွက် စုစုပေါင်း ရထားနှစ်ဆိုင်းပြေးဆွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မန္တလေး-မြစ်ကြီးနားရထားလမ်း၌ နေ့စဉ်အစုန် ရထားငါးစီးနှင့် အဆန်ရထားငါးစီး ပြေးဆွဲ နေပြီး အမှတ် (၃၃) အဆန်အိပ်စင်ရထားနှင့် အမှတ်(၃၄)အစုန် အိပ်စင်ရထားများကို တစ်ရက်ခြား တစ်ကြိမ်သာ ပြေးဆွဲလျက်ရှိကြောင်း မန္တလေးဘူတာကြီး ရထားအချိန်ဇယားအရ သိရသည်။

‘‘သွားမယ့်လမ်းကြောင်းမှာ မန္တလေးကနေ ခင်ဦးဘူတာအထိကို လက်မှတ်ခက ၂,၀၀၀ ကျပ်ပဲ။ ခင်ဦး ဘူတာကျော်သွားပြီး ကောလင်းဘူတာအထိကို ၄,၀၀၀ကျပ် သတ်မှတ်ထားတယ်’’ဟု ဦးညိမ်းမောင်က ဆိုသည်။

မန္တလေး-မြစ်ကြီးနားရထား လမ်းပိုင်းသည် ပြည်တွင်းတွင် ကုန်ပစ္စည်းများကို ရထားလမ်းဖြင့် သယ်ယူ ပို့ဆောင်မှုအများဆုံးလမ်းကြောင်းဖြစ်ပြီး ၂၀၁၅ ဩဂုတ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများ ကြောင့် ယင်းရထားလမ်းပိုင်းတစ်လျှောက်ရှိ အချို့နေရာအများစုကို ရေတိုက်စားမှုများရှိပြီး ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ထားသည်။

ထို့အပြင် ၂၀၁၅ အတွင်း တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ဒီဇယ်စက်ခေါင်းသုံးခေါင်း၊ ၂၀၁၆ ဖေဖော် ဝါရီလဆန်းတွင် ဒီဇယ်စက်ခေါင်းခြောက်ခေါင်း နှင့် ဖေဖော်ဝါရီတတိယပတ်တွင် ရောက်ရှိသည့် ဒီဇယ် စက်ခေါင်း ရှစ်ခေါင်းတို့ကို လူစီးရထားတွဲများနှင့် ကုန်ရထားအများဆုံး ပြေးဆွဲနေသည့် လမ်းပိုင်းများတွင် အစားထိုးပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား မန္တလေးဘူတာကြီးမှ သတင်းရရှိသည်။

7 Day Daily


Leave a Reply