နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင် ယခင်နေထိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် သက်သေယူမည်

အစိုးရသစ်၏ ရက်တစ်ရာ စီမံချက်ဖြင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများကို နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရာတွင် ယခင်နေထိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအလိုက် နေထိုင်မှုမှန်ကန်ကြောင်း သက်သေယူမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

“စစ်တမ်းကောက်ရုံနဲ့ မပြီးဘူး။ နောက်ဆုံးနေထိုင်မှုမှန်ကန်ကြောင်း စိစစ်ရဦးမယ်။ ပြည်နယ်နဲ့ တိုင်း အလိုက် ထောက်ခံချက်ယူမယ်။ မှတ်ပုံတင်ထုတ်ပေးတာနဲ့ ပတ်သက်ပြီး ပဏာမ စိစစ်နေတဲ့အဆင့်ပဲ ရှိသေးတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လှိုင်သာယာ) မှ အကြီးတန်းအရာရှိက ဆိုသည်။

စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများကို မှတ်ပုံတင် ထုတ်ပေးနိုင်ရန် ပထမအဆင့်အနေနှင့် အိမ်ထောင်စု စာရင်း ကောက်ခံရမည်ဖြစ်ပြီး အဆိုပါအိမ်ထောင်စုစာရင်း မရှိသူကိုလည်း အစိုးရ၏ ရက်တစ်ရာ စီမံချက် အတွင်းရရှိစေရန် ဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောကြားသည်။

မှတ်ပုံတင် မရှိသော အလုပ်သမားများကို နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ပေးရန် ပထမအဆင့်စာရင်း ကောက်ယူရာတွင် လူဦးရေ တစ်သောင်းကျော်ကို စာရင်းကောက်ယူပြီးဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ရက် ၁၀၀ စီမံချက်အရ မေလမှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ ရွှေ့ပြောင်းနေထိုင်သူများနှင့် ရွှေ့ပြောင်း အလုပ်သမားများကို သက်ဆိုင်ရာဒေသတွင် ခြောက်လနှင့်အထက် နေထိုင်ပါက အိမ်ထောင်စု လူဦးရေ စာရင်းထုတ်ပေးမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းရှိပြီးသားသူများအနေနှင့် နှစ်ကြိမ်ထုတ်ကြောင်း စစ်ဆေး တွေ့ရှိပါက ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း စက်ရုံ၊ အလုပ်ရုံဌာန ၁၀၀၀ ခန့်ရှိပြီး အလုပ်သမားဦးရေ ၁၃၀၀၀၀ ကျော်ရှိကြောင်း မြို့နယ် လူမှုဖူလုံရေးရုံး (လှိုင်သာယာ) ထံမှ သိရသည်။

The Voice


Leave a Reply