မြန်မာနိုင်ငံတစ်ဝန်း မြေငလျင် တိုင်းတာစက် အလုံး ၃ဝ တပ်ဆင်မည်

အင်အားပြင်း မြေငလျင်များလှုပ်ခတ်မည့်အခြေအနေကို လေ့လာသုတေသနပြုနိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝန်း မြေငလျင် တိုင်းတာစက် အလုံး ၃ဝ တပ်ဆင် မည်ဖြစ်ကြောင်း မြေငလျင်ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

အဆိုပါ မြေငလျင် တိုင်းတာစက် အလုံး ၃ဝ တပ်ဆင်ခြင်း စီမံကိန်းကို စင်ကာပူနိုင်ငံ မြေကမ္ဘာ လေ့လာ ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းစက် တပ်ဆင်၍ သုတေသနပြု လေ့လာမည့် စီမံကိန်း ကာလမှာ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီစက်တွေက တခြားစက်တွေလို အမြဲတမ်း တပ်ထားမှာ မဟုတ်ဘူး။ သုံးနှစ်ပဲ တပ်မှာမို့လို့ ယာယီ သုတေသနအတွက်ပဲ။ မြေငလျင်ကြီးတွေ ဖြစ်လာနိုင်တဲ့ အလားအလာကို လေ့လာမယ်”ဟု ဒေါက်တာ ယဉ်မျိုးမင်းထွေးက ဆိုသည်။

အဆိုပါ မြေငလျင် တိုင်းတာသည့်စက်များ တပ်ဆင်ရန်အတွက် စင်ကာပူ မြေကမ္ဘာ လေ့လာရေးဌာနနှင့် နားလည်မှု စာချွန်လွှာကို ဇူလိုင်လအတွင်း လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း မြေငလျင်ဌာနထံမှ သိရသည်။

အလားတူ တရုတ်အစိုးရက ကူညီ ထောက်ပံ့ပေးသည့် မြေလျင် တိုင်းတာစက် ၃၄ လုံးကို Chinese Academic of Sciences အဖွဲ့၊ ဘူမိသိပ္ပံ အသင်းနှင့် မန္တလေး ဘူမိဗေဒဆိုင်ရာ တက္ကသိုလ်တို့ ပူးပေါင်း၍ အိန္ဒိယ – မြန်မာ နယ်စပ်နှင့် စစ်ကိုင်း- မန္တလေးမြို့များကိုဖြတ်၍ ကျောက်မဲနှင့် သီပေါမြို့တို့တွင် တပ်ဆင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီထံမှ သိရသည်။

စစ်ကိုင်း ပြတ်ရွေ့ကြောမှ အင်အားပြင်း မြေငလျင် လှုပ်ခတ်ခဲ့သည်မှာ နှစ်ပေါင်း ၈ဝ ကျော်ရှိပြီဖြစ်ပြီး နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မိထ္ထီလာ၊ ဝန်းသို၊ ဖြူး၊ ဆွာနှင့် ပဲခူးမြို့ အပါအဝင် မြို့ကြီးများမှာ အင်အားပြင်း မြေငလျင် ပြန်လည် လှုပ်ခတ်နိုင်သည့် အန္တရာယ် ရှိနိုင်ကြောင်း မြေငလျင် ကျွမ်းကျင်ပညာရှင်များက သတိပေး ပြောဆိုထားသည်။

The Voice


Leave a Reply