သံအရာရှိများကို ရုရှား ဖိနှိပ်ဆက်ဆံနေဟု အမေရိကန် စွပ်စွဲ

165164984

ရုရှားအစိုးရသည် မိမိတို့၏ သံအရာရှိများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက် သည်။ ရုရှားတွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန် သံအရာရှိများအပေါ် ရုရှားအာဏာပိုင်များက ခြိမ်းခြောက်မှု၊ ရန်လိုမှုများ ပိုမိုမြင့်တက်လာကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် မတ် ၂၄ ရက်က အဆိုပါ အခြေအနေအပေါ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဆွေးနွေးခဲ့ဖူးကြောင်းလည်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး အဲလိဇဘက်သ် ထရူဒီယူက ဆိုသည်။

“အခုတော့ ဖိနှိပ်ဆက်ဆံမှုတွေက ပိုဆိုးရွားလာတယ်။ ဒီကိစ္စကို ကျွန်မတို့ အနေနဲ့ အလေးအနက် သဘောထားပြီး စောင့်ကြည့်နေပါတယ်”ဟု သူမက ပြောကြားခဲ့သည်။ အထူးသဖြင့် ရုရှား၏ လုံခြုံရေး အေးဂျင့်များ၊ ယာဉ်ထိန်း ရဲများက ပြီးခဲ့သည့် ၂ နှစ်အတွင်း အမေရိကန် သံအရာရှိများကို သိသိသာသာ ဆိုးရွားစွာ ဆက်ဆံလာကြောင်း ထရူဒီယူက ဆိုသည်။ သူမက ပူတင်နှင့် ကယ်ရီတို့ ဆွေးနွေးခဲ့သည့် ကိစ္စများကိုမူ အသေးစိတ် မှတ်ချက်မပေးခဲ့ချေ။

တစ်ဖက်တွင် ရုရှားအစိုးရက အမေရိကန် သံအရာရှိများသည် ပြဿနာရှာတတ်သည့် အမူအကျင့်မျိုး ရှိကြောင်း ဝေဖန်ခဲ့ဖူးသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက “အမေရိကန်မှာရှိတဲ့ ရုရှားသံရုံးနဲ့ စစ်သံရုံးတွေမှာ ဖိအားတွေ အများကြီး တိုးပွားလာတယ်လို့ ခံစားရပါတယ်”ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အခြားနိုင်ငံများတွင် သွားရောက် တာဝန်ထမ်းဆောင်နေသည့် ရုရှား စစ်သံအရာရှိများသည်လည်း အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်များ၏ ရန်စသော အပြုအမူများကို ရင်ဆိုင်ရသလို ရုံးပိုင်းဆိုင်ရာ ကိစ္စများတွင်လည်း အမေရိကန်၏ ဖိအားပေးမှုကြောင့် အနှောင့်အယှက်များ ကြုံရတတ်ကြောင်း ဇာခါရိုဗာက တန်ပြန်စွပ်စွဲသွားသည်။

-Ref: CNN


Leave a Reply