ကြိုးစားဂုဏ်အင် အောင်ပွဲဆင် စံနမူပြ သူ့လုံ့လ
သြကာသလောက၊ သတ္တလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးပါးတို့ဖြင့် ဖွဲ့စည်းထားသော စာရေးသူတို့၏ ဤကမ္ဘာမြေတွင် ထူးခြားဆန်းကြယ် အံ့သြ ဖွယ်ရာ ဖြစ်ရပ်ဆန်းများနှင့် သံသရာ ကံကြမ္မာကို ပြန်လည်ကုစားရင်း လူ့လောက သက်တမ်းတိုတိုအတွင်းမှာပင် အခက်အခဲပေါင်းများစွာကို ဖြတ်သန်းလျက် တိုင်းကျော်ပြည်ကျော် ကြိုးစားရုန်းကန် အောင်မြင်ခဲ့ကြသည့် ရှားပါးလှသော လူနည်းစုထဲမှ အံ့ဖွယ်သူရဲကောင်းဇာနည် ကျောင်းသူလေးတစ်ဦး လွိုင်ကော်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ပေါ်ပေါက်နေပြီး ဖြစ်သော နေ့တစ်နေ့ရှိလာခဲ့ပြီ ဖြစ်ပါသည်။
ထိုနေ့ကား ၂၀၁၆ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ အောင်စာရင်းများထွက် သည့် နေ့ပင်ဖြစ်တော့သည်။ ထိုနေ့၏ မိုးကောင်းကင်တစ်ဝိုက် သည် တိမ်မဲတိမ်ညိုများ ကင်းစင်လျက် ဖြူလွှလွှမိုးသားများဖြင့် တစိမ့်စိမ့်ရွာသွန်းနေသော မိုးကြောင့် ၀န်းကျင်တစ်ခွင် လူသွားလူလာများပြား လျက်ရှိသည်ကို ထူးဆန်းစွာတွေ့မြင်ရပါသည်။ တစ်စိမ့်စိမ့်ရွာနေသော မိုးနှင့်အပြိုင် တစိမ့်စိမ့်မိုးရေကို ဂရုမစိုက်နိုင်ဘဲ လွိုင်ကော်မြို့၊ အ.ထ.က(၁)ကျောင်းကြီး၏ ပုရ၀ုဏ်အတွင်း အောင်စာရင်းကပ်ထားသည့် ကြော်ငြာသင်ပုန်း၏ရှေ့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို သဲကြီးမဲကြီးတိုးဝှေ့ ကြည်ရှု့နေကြသော ကျောင်းသား ကျောင်းသူနှင့် ကိုယ်စားလာကြည့်ကြသော မိဘဆွေမျိုးများဖြင့် ပြည့်နှက်စည်ကားနေပါသည်။
ထိုသို့ အောင်စာရင်း ကြော်ငြာဘုတ်ကြီးရှေ့ဝိုင်းသို့ တိုးဝှေ့ကြည်ရှုနေကြသော ကျောင်းသားကျောင်းသူ အုပ်ကြားထဲမှ ၀မ်းနည်းဝမ်းသာမကွဲပြားနိုင်သည့် အင့် ဆိုသော အသံတစ်ချက်ထွက်ပေါ်လာပြီး ကျောင်းသားကျောင်းသူအုပ်ကြီးကို ထိုးထွက်လာကာ မိဘများရှိရာနေအိမ်သို့ တစ်ဟုန်ထိုး ပြေးလာရင်း အိမ်အရောက် မိခင်၏ရင်ခွင်သို့ တိုးဝင်ကာ အမေသမီးဆယ်တန်းအောင်တယ်ဟု ရင်တုံမောဟိုက် လှိုက်လှဲစွာဆိုလိုက်သည်နှင့် တပြိုင်နက် သမီးအောင်စာရင်းသွားကြည့်၍ ပြန်အလာကို စောင့်ဆိုင်းနေကြသော အော်ဟစ်သံများက အိမ်အတွင်းတွင်မက ပြင်ပသို့ပါ ဆူညံပျံ့လွင့်သွားပါတော့သည်။
ဖော်ပြပါ ပျော်ရွင်နေသောမိသားစု၏ ဆယ်တန်းအောင်မြင်ခဲ့သော ကျောင်းသူလေးမှာ နော်ဒါးခူဟု ခေါ်ပါသည်။ ထိုသူငယ်မလေးသည် မိခင်မွေးဖွားလာကတည်းက လက်နှစ်ဖက်မပါဘဲ၊ လက်နှစ်ဖက်အစား ခြေနှစ်ဖက်ကို အသုံးပြုလျက် သူငယ်တန်းမှ ယခုတက္ကသိုလ်ဝင်တန်းအထိ အများထက် ကြိုးစား သင်ယူရင်း ဤစာမေးပွဲကို အောင်မြင်စွာ ဖြေဆိုအောင်မြင်ခဲ့သည့် နော်ဒါးခူ၏ မိသားစုဘ၀ခရီးကား သူမကို ၁၉၉၆ခုနှစ်က ဖခင်တပ်ကြပ် စောသောဒေါ၊ မိခင်ဒေါ်နော်ဖော်မိုတို့မှ ဖွားမြင်သော သားသမီးငါးဦးအနက် အထွေးဆုံး သမီးလေးဖြစ်ပါသည်။ သမီးလေးတွင် မွေးရာပါ လက်နှစ်ဖက်မရှိသော်လည်း ၂၀၀၃ခုနှစ်မှ ၂၀၁၆ထိ ခြေနှစ်ဖက်အားပြုကာ ယခုတက္ကသိုလ်ဝင်တန်း အောင်မြင်သည် အထိ ရုန်းကန်ကြိုးစားခဲ့ပါသည်။ ပန်းချီအနုပညာကိုလည်း ၀ါသနာထုံသည့်အလျောက် ကျောင်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုစာမေးပွဲ၏ အောင်မှတ်မှီပါက ကွန်ပျူတာတက္ကသိုလ် တက်ရောက်လိုသည် ဟူလည်း ပြောပြသဖြင့်ထူးခြားသည့် ပါရမီရှင်ဟု ဆိုလျင် မှားအံ့မထင်ပါ။
ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းသည် မြန်မာနိုင်ငံတစ်ဝှမ်း ကျဆင်းလျက်ရှိသည့် နည်းတူ စာရေးသူတို့၏ ပြည်နယ်တွင်လည်း ယမန်နှစ်ထက် လျော့ကျခဲ့သည့်ကြားမှ သမီးလေး အောင်မြင်ခဲ့သည်ကား မချီးကျူးဘဲ မနေနိုင်တော့ပါ။
ဤသတင်းကို ကြားသိရသော စာရေးသူသည် သမီးလေး နော်ဒါးခူအတွက် ဂုဏ်ယူဝမ်းသာ ပီတီဖြစ် ရပါ၏၊ မိမိဇာတိ၊ မွေးရပ်မြေလည်းဖြစ်၊ မိမိနေခဲ့သော ကျောင်းတော်ကြီးလည်းဖြစ်သော ကျောင်းကြီးမှ ထွန်းထွန်းပေါက်ပေါက်နှင့် တစ်သက်မှာ တစ်ယောက်ဆိုသလို ဇွဲ၊ လုံ့လ၊ စိတ်ဓါတ်နှင့် သတ္တိရှိသော သမီးလေးကို လေးစားအားကျ ဂုဏ်ယူမိခဲ့ပါသည်။
သို့ကြောင့်လည်း ပြည်သူ့ဘက်တော်သား ပြည်ခိုင်ဖြိုးပါတီသည် သမီးလေးနေထိုင်ရာ လွိုင်ကော်မြို့၊ ခလရ(၅၄)သို့သွားကာ သမီးလေးနှင့် မိသားစုတို့ကို တွေ့ဆုံ၍ ဂုဏ်ပြုခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် သမီးလေးက သမီးမွေးရာပါ လက်မပါတော့ သူတကာထက်ပိုကြိုးစားရမယ်ဆိုတဲ့ အသိစိတ်ကြောင့် ရုန်းကန်ခဲ့ရတယ်။ တော်တော် ပင်ပန်းခဲ့ပါတယ် ဟူ၍လည်းကောင်း၊ ဖခင်ဖြစ်သူတပ်ကြပ်ကလည်း သမီးလေးက ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရတော့ သမီးလေးအပေါ် စာနာစိတ်နဲ့ ပုံပြီး ချစ်ခဲ့ကြရတယ် ဟူ၍ ဖခင်ရောသမီးပါ စာရေးသူတို့ကို ပြောပြ ရှာပါသည်။
ဘုရားလောင်းဖြစ်စဉ် မဟာဇနက္ကမင်းသားသည် ပင်လယ်ပြင်ရေကို အလျားလိုက်ဖြတ်ကူးနေစဉ် မဏိမေခလာ နတ်သမီးပေါ်လာပြီး အသင်မင်းသား ဤပင်လယ်ပြင်ကျယ်ကို အသင်အဘယ်ကြောင့် ဖြတ်ကူးနေသနည်း ကြာလာပါက အသင်လက်ပန်းကျ၍ သေဆုံးလိမ့်မည် ငါ့အကူအညီကိုယူပေတော့ ဟုဆိုသော် ဘုရားလောင်း ဇနက္ကမင်းက အသင်နတ်သမီး သင့်အား ကျွန်ုပ်ကျေးဇူးအထူးတင်သည့် ငါသည် ယောကျာင်္းကောင်း၊ ယောကျာင်္းမြတ် တို့၏ထုံး၊ နှလုံးမှုလျက် မလျော့သော ဇွဲလုံ့လဖြင့် ငါသည်အရှုံးမပေး တဖက်ကမ်းသို့ရောက်အောင် ကူးခတ်မည်၊ မကူးခတ်နိုင်တော့သည့်အဆုံးမှ သင်ငါ့ကို ကူပေးတော့ ဟု ပြန်ပြောသည်။ ဗုဒ္ဓ၀င်လာ ဇွဲ၊ လုံ့လကို အရင်းပြု၍ အောင်မြင်ခဲ့သော ဘုရားအလောင်း တော်ထဲကလိုပင် လက်အင်္ဂါမစုံ၊ လူမမယ်ကလေး နော်ဒါးခူသည်လည်း ကိုယ့်အသိ စိတ်ဓါတ်ဖြင့် မိမိကိုယ် မိမိအားကိုးကာ အောင်ပွဲဆင်နိုင် ခဲ့ပေသည်။
ကျွန်ုပ်တို့၏ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အကြိုက်ဆုံးကဗျာတိုလေး တစ်ပိုဒ်ရှိခဲ့သည်။ ထိုကဗျာသည်လည်း ဇွဲ၊ လုံ့လ၊ ၀ီရိယနှင့် ကြိုးစား မူတို့ကို ဖော်ညွန်းရာ နော်ဒါးခူတို့လို ကလေးများ အတွက် အားဆေးဖြစ်ပါသည်။ အနာဂါတ်လူငယ်များအတွက်လည်း အလွန်တန်ဖိုးရှိ၍ စိတ်ဓါတ် ခွန်အား တိုးပွားစေပါသည်။
ထိုကဗျာမှာ-
ငါဦးခေါင်းသည် …သွေးချင်းတို့ဖြင့်..
နီရဲလျက်ရှိ၏..
သို့သော်….ငါ…ညွှတ်ကား….မညွှတ်။
ဆိုးဝါးလှသော လောကဓံနှင့် အကြပ်အတည်း ဒုက္ခများကို လူတိုင်းကြုံတွေ့ရမည်၊ ထိုအချိန် ပြတ်သားသော စိတ်ဓါတ်၊ သန္ဒိဌာန်၊ ချထားသော ရည်မှန်းချက်တို့ဖြင့် ကျော်ဖြတ်နိုင်ရန် ကဗျာကောင်း၊ စာကောင်း၊ စာမှန်များ ကိုလည်း ကျောင်းသားလူငယ်များ ရှာဖွေဖတ်ရမည်ဖြစ်သည်။ ယနေ့ခေတ်၏ အင်တာနက် စသော မီဒီယာ ကိုလည်း ပစ်ပယ်မထားသင့်ပေ။ စာရေးသူတို့၏ လောက၌ အရာရာတွင် အောင်မြင်ခြင်းဆိုသော အရာရှိပါ သည်။ သို့သော် အောင်မြင်ခြင်းဆိုသော အရာကိုသော့ဖြင့်ဖွင့်ယူ၍ မရပါ။ ကြိုးစားမှုဖြင့်သာ ဖွင့်၍ရပါသည်။ ကျောင်းသူလေး နော်ဒါးခူမှာ ကိုယ်ပိုင်ဖိနပ်တစ်ရန်အပေါ်တွင် ရိုးသားစွာ လူလုံးလှဖို့ ကြိုးစားလျက် လောကဓံကို အရှုံးမပေးသည့် ဇွဲ၊ လုံ့လ၊ သတ္တိကိုအရင်းပြု သောကြောင့် ကျောက်တုံးမှ ပန်းပွင့်ပြခဲ့ခြင်းပင် ဖြစ်ပါသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို ကျော်ဖြတ်နေကြသည့် ကျောင်းသားကျောင်းသူများသည်လည်း တက္ကသိုလ်ဝင် စာမေးပွဲ(သို့မဟုတ်) ခက်ခဲသော ကျောက်တုံးကြီးပေါ်တွင် ပန်းပွင့်ပြနိုင်ရန်အတွက် သမီးလေး နော်ဒါးခူ လို ကိုယ်ရောက်နေသောဘ၀တွင် အသေအချာ ကိုယ်စားပြုသော ကောင်းသတင်းရနံ့ဖြင့် သင်းထုံမွှေးပျံ့ စေလျက် ကျောင်းသူလူငယ်တစ်ယောက်စီ၏ ကောင်းသောရနံ့သည် မိမိလျောက်လှမ်း အနာဂါတ်လမ်း တစ်လျှောက် တန်ဖိုးမဖြတ်နိုင်သော ဘ၀အရိပ်များကို ဖန်တီးစွမ်းဆောင် နိုင်ကြပါစေဟု ဆန္ဒပြုရင်းဤဆောင်းပါးဖြင့် ဂုဏ်ပြုရေးသားအပ်ပါသည်။
ကယားလေး (လွိုင်ကော်)