၂၁ ရာစုပင်လုံသို့ ရခိုင် အမျိုးသား ပါတီ တက်၊ မတက် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်မည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံသို့ ရခိုင်အမျိုးသားပါတီ တက်ရောက် ခြင်းပြု၊ မပြု လာမည့် ဇူလိုင်လဆန်းတွင် ကျင်းပမည့် ရခိုင်အမျိုးသားပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေး၌ ဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဇူလိုင် (၁) ရက်နှင့် (၂) ရက်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ခြင်းကိစ္စနှင့် ယင်းညီလာခံတွင် တင်ပြမည့် နိုင်ငံရေးမူဘောင်တို့ကို ဆွေးနွေးကြမည်ဟု ၎င်းက ပြောသည်။

‘‘နိုင်ငံရေးပါတီရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပါပဲ။ တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အတိုင်းလုပ်လို့ မရပါဘူး။ အဲဒါကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ယူရမှာပါ။ ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ဖို့ကတော့ များပါတယ်’’ ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ၂၀၁၇ အတွင်း ရခိုင်အမျိုးသားပါတီညီလာခံ ကျင်းပနိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးကြမည်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့၌ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်နေရာ (၄၀) ကျော် ရရှိထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သမ္မတဦးထင်ကျော် ဦးဆောင်သော အစိုးရက လာမည့် သြဂုတ်အတွင်းကျင်းပရန် စီစဉ်နေကာ အဆိုပါညီလာခံကို နိုင်ငံရေး ပါတီများအနေဖြင့် လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်နေရာရရှိမှသာ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ တရားဝင်နိုင်ငံရေး ပါတီ (၉၁) ပါတီရှိကာ လွှတ်တော်တွင် နေရာရသော နိုင်ငံရေးပါတီ (၂၂) ပါတီရှိနေသဖြင့် ယင်းပါတီများသည် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစုပင်လုံသို့ တက်ရောက်ခွင့်ရသည့်အနေအထားရှိသည်။

7 Day Daily


Leave a Reply