ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အစိုးရသစ်က ဆက်သွယ်ညှိနှိုင်းမှု မရှိသေးကြောင်း NSCN-K ပြော

အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆက်သွယ်ညှိနှိုင်းမှု တစ်စုံ တစ်ရာမရှိသေးကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီအတွင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနောက်ပိုင်းတွင် ၂၁ ရာစု ပင်လုံညီလာခံအပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစိုးရသစ်က ဆက်သွယ်ခြင်း မရှိသေးကြောင်း NSCN-K ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်ကပြောသည်။

‘‘နာဂအဖွဲ့နဲ့လည်း တွေ့မယ်ထင်တယ်လို့ပြောတယ်ဆိုတာ သတင်းတော့ရတယ်။ ကျွန်တော်တို့ ခန္တီး ဆက်ဆံရေးရုံးမှာ သတင်းပေးရင်တော့ ကျွန်တော်မသိသေးဘူး။ ဒါပေမဲ့ အခုထိ ကျွန်တော့်ဆီမှာ တော့ ဖုန်းတွေဘာတွေ ဘာမှမလာသေးပါဘူး’’ ဟု ဦးကျော်ဝမ်းစိန်ကဆိုသည်။

‘‘ဇန်န၀ါရီမှာ နေပြည်တော်မှာ လုပ်သွားတဲ့ငြိမ်းချမ်းရေး ညီလာခံပြီးတဲ့နောက်ပိုင်းမှာ ဘာမှလည်း အဆက်အသွယ်မရှိဘူး’’ ဟု ၎င်းကဆိုသည်။

အစိုးရဘက်က NCA တွင်ပါ ၀င်ခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ချင်းမိုင်မြို့၌ တစ်ကြိမ်၊ မိုင်းလားမြို့တွင် တစ်ကြိမ် သီးခြားစီ သွားရောက်တွေ့ဆုံ ရှင်းလင်းမှုများကို မကြာသေးမီက ပြုလုပ်ခဲ့သည်။

NSCN-K နှင့် ပတ်သက်၍ ‘‘နာဂအဖွဲ့ကတော့ ကြားလူက ဆက်သွယ်ပြောနေပါတယ်။ သူတို့ကတော့ ဆက်သွယ်ရတာခက်လို့ ဟိုတောထဲမှာဆိုတော့ ကြာတယ်’’ ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစု)ပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

NSCN-K သည် ၂၀၁၂ ဧပြီလက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော်လည်း NCA တွင် ပါဝင်ခြင်းမရှိပေ။ NSCN-K ခေါင်းဆောင်များက အိန္ဒိယတွင်ရှိနေသည့် နာဂလူမျိုးများ အရေးကို ချန်ထား၍မရသောကြောင့် NCA ၌ ပါဝင် လက်မှတ်ရေးထိုးရန် အခက်အခဲအချို့ရှိကြောင်း ပြောကြားဖူးသည်။

7 Day Daily


Leave a Reply