မွန်ပြည်နယ်အတွင်းသို့ ရွှေ့ပြောင်းနေထိုင်သူများကို အိမ်ထောင်စုစာရင်း လုပ်ပေးမည့်စီမံချက် ပြန်လည် ရုပ်သိမ်းပေးရန် မွန်အမျိုးသားပါတီ တောင်းဆို

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းနေထိုင်ကြသူများ အား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုးမျိုး ဆောင်ရွက်ပေးရေး လ.၀.က ၏ စီမံချက်ကို ပြန်လည်ရုပ်သိမ်းပေးရန် မွန်အမျိုးသားပါတီ (Mon National Party) က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“လက်ရှိအချိန်မှာ မွန်ပြည်နယ်ကို ရွှေ့ပြောင်းလုပ်သားတွေ သိန်းနဲ့ချီပြီး အလုပ်လာလုပ်နေကြတယ်။ သူတို့ရပ်ရွာမှာ လည်း အိမ်ထောင်စုစာရင်း မှတ်ပုံတင်တွေ ရှိမယ်။ အဲဒီလိုရှိရဲ့သားနဲ့ ဒီမှာလည်း ထပ်လုပ်ပေးမယ်ဆိုတော့ ဒါက မမှန် ကန်တော့ဘူး။ လ၀ကဥပဒေနဲ့လည်း ကိုက်ညီမှုမရှိဘူး။ နောက်တစ်ခုက အစိုးရက ရက် ၁၀၀ စီမံကိန်းမှာ နာမည် ကောင်းရချင်လို့ ထောက်ခံမှုရချင်လို့ ဒီလိုအမြန်လုပ်လိုက်တာလို့မြင်တယ်။ ပွင့်လင်းမြင်သာမှုလည်းမရှိဘူး။ ဘယ်သူမှ လည်းမသိဘဲနဲ့ လုပ်နေတာကမဖြစ်သင့်ဘူးပေါ့။ လုပ်သင့်မသင့်ကို မွန်လူ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးသင့်တယ်” ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး (၂) နိုင်စိုးမြင့်က ပြောကြားသည်။

အဆိုပါစီမံချက်သည် မွန်လူမျိုးတို့အတွက် ထိလွယ်ရှလွယ်သော ဆောင်ရွက်ချက်ဖြစ်ပြီး နိုင်ငံတော်အစိုးရ အကောင်အထည်ဖော်လျက်ရှိသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ကိုလည်း ထိခိုက်စေသည့်အပြင် မလိုလားအပ်သော နိုင်ငံရေးအခွင့်အရေးကို အခြေခံသော လူမျိုးရေးပြဿနာများဖြစ်ပေါ်စေမည်ဟု ဇွန် ၂၀ ရက်က မွန်ပြည်သစ် ပါတီမှ မွန်ပြည်နယ်အစိုးရထံသို့ ပေးပို့လိုက်သည့် တောင်းဆိုစာတွင် ဖော်ပြထားသည်။

“ရွှေ့ပြောင်းလုပ်သားနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်းထုတ်ပေးမယ့်ကိစ္စကို ဘာကြောင့်ကန့်ကွက်ရလဲဆိုရင် ဒေသခံမွန်လူမျိုးတွေကော အခြား အတည်တကျနေထိုင်နေတဲ့ ညီအစ်ကိုတိုင်းရင်းသားတွေကြားမှာ ရွှေ့ ပြောင်းတွေ အဆမတန်ဝင်ရောက်လာလို့ ဒေသနေပြည်သူတွေ ဘ၀လုံခြုံမှုမရှိတဲ့အပြင် အခြားဆိုးရွားတဲ့ လူမှုရေး ဆိုင်ရာပြဿာနာတွေလည်း အများကြီးရှိတယ်။ ရာဇ၀တ်မှု မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသုံးစွဲမှု စသဖြင့်ပေါ့။ နိုင်ငံ ရေးမှာလည်း တိုင်းရင်းသားလူမျိုးတွေ နောင်ဘယ်တော့မှ ရွေးကောက်ပွဲနိုင်ခြေမရှိရေးလည်း plan တွေရှိနေတဲ့ အတွက်ကြောင့် ကန့်ကွက်ရတာဖြစ်တယ်” ဟု မွန်ပြည်နယ် အရပ်သားအပစ်ခတ်ရပ်စဲရေး လေ့လာစောင့်ကြည့်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ကိုမင်းမင်းက ဆိုသည်။

မွန်ပြည်နယ်တွင် ရွှေ့ပြောင်းအလုပ်သမား အဆမတန်များပြားလာခြင်းကို ၂၀၁၀ ရွေးကောက်ပွဲက မဲပေးပိုင်ခွင့်ရှိသူစာရင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲ မဲပေးပိုင်ခွင့် ရှိသူစာရင်းကို နှိုင်းယှဉ်ကြည့်အားဖြင့်လည်းကောင်း၊ ရာဇ၀တ်မှု မူးယစ်ဆေးဝါးနှင့် အခြားပြစ်မှုများ ထူပြောလာသည်ကို ကြည့်ခြင်းအားဖြင့်လည်းကောင်း သိနိုင်သည်ဟု ကိုမင်းမင်းက ဆက်ပြောသည်။

လက်ရှိတွင် လ၀ကနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မွန်ပြည်နယ်မြို့နယ်များအတွင်း တည်ရှိနေကြသည့် ရွှေ့ပြောင်းလုပ်သား လူဦးရေများ စာရင်းကို ကောက်ခံလျက်ရှိသည်ဟု ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ထံမှ သိရသည်။

မိမိတို့ဒေသအတွင်း ရွှေ့ပြောင်းလုပ်သားများ ရောက်ရှိလာပြီးနောက် ဒေသတွင်းအေးချမ်းတည်ငြိမ်မှု ပျက်ပြားကာ ခိုးမှုများ၊ လုယက်မှုများ၊ လူသတ်မှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ၊ လိင်ပိုင်းဆိုင်ရာပြစ်မှုများ၊ ခြိမ်းခြောက်မှုများ ထူပြောလာသည်ဟုဆိုကာ မွန်လူမှုအသင်းအဖွဲ့ (၁၆) ဖွဲ့တို့က ဇွန် ၁၀ ရက်က လက်မှတ်ထိုးပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော် အသီးသီးနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အဆိုပါ စီမံချက်နှင့်ပတ်သက်ပြီး ကန့်ကွက်စာပေးပို့ထားသည်။

မွန်ပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စာရင်းအရ မွန်ပြည်နယ်အတွင်း ကိုင်ဆောင်လက်မှတ်မရှိသည့် ရွှေ့ပြောင်း အလုပ်သမား ခန့်မှန်းလူဦးရေ ၁၂၀၀၀ ကျော် ရှိသည်ဟု ဖော်ပြထားပြီး ၂၀၁၄ သန်းခေါင်စာရင်းမှာ မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမားဦးရေ သုံးသိန်း လေးသောင်းကျော် ရှိသည်ဟု ဖော်ပြထားသည်။

Eleven Media Group


Leave a Reply