ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမျက်နှာစုံညီစည်းဝေး

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၁) ရက် နံနက် (၉)နာရီတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

85963139-21062016

အစည်းအဝေးတွင် သဘာပတိ ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးတင်ဦးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသော မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ပေါင်မြို့နယ်မှ လေးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများ၊ ပြီးခဲ့သော ပါတီသက်တမ်းတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး စွမ်းဆောင်ရည်ဆုရ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ပါတီစည်းရုံးရေးမှူးများအား မွန်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးသန့်ဇင်၊ သထုံခရိုင် ပါတီကော်မတီဝင် ဦးဇော်ဝင်း၊ ပေါင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ အစုအဖွဲ့ စာတမ်းလေး စောင်ကို မြို့နယ်ပါတီကော်မတီဝင် လေးဦးတို့က ဖတ်ကြားဆွေးနွေး တင်သွင်းခဲ့ကြပြီး ဆက်လက်၍ မြို့နယ် ပါတီကော်မတီအသစ်များ ပြန်လည်ရွေးချယ်ပွဲကို ကျင်းပသည်။

လက်ရှိ ပါတီကော်မတီဝင်ဟောင်းများ နှုတ်ထွက်ကြပြီး မွန်ပြည်နယ် ပါတီအတွင်းရေးမှူး၊ ပြည်ခိုင်ဖြိုးပါတီ အမှု ဆောင် ရွေးချယ်ရေးတာဝန်ခံ ဦးသန့်ဇင်က အမှာစကားပြောကြား၍ အမှုဆောင်သစ်ရွေးချယ်ရေး မူဝါဒများကို ရှင်းလင်းတင်ပြသွားသည်။

ထို့နောက် ချမှတ်ထားသော မူဝါဒနှင့်အညီ ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် ဦးကျော်လင်းဦး၊ အတွင်းရေးမှူး ဦးအောင်ဆန်းဦးနှင့် ဘဏ္ဍာရေးမှူး ဦးကျော်စွာလင်း တို့ပါဝင်သော မြို့နယ်ပါတီကော်မတီဝင် (၁၅) ဦး၊ အရန်ကော်မတီဝင် (၁၅) ဦးတို့ကို ရွေးချယ်ပေးခဲ့ကြပြီး ရွေးချယ်ခံရသော ကော်မတီဝင်များက သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။

ခင်မောင်ဝေ(ပေါင်)


Leave a Reply