တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဗညားဒလမ်းမကြီး အမှတ် (၃၃၅) ပထမထပ်ရှိ တာမွေမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ ၌ ဇွန်လ (၁၈) ရက် နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မျက်နှာစုံညီအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်၊ တိုင်းဒေသကြီး ပါတီ ပြန်လည်ဖွဲ့စည်းရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်စိုး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီအတွင်းရေးမှူး ဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ တာမွေမြို့နယ် ပါတီအတွင်းရေးမှူး ဒေါ်လဲ့လဲ့ ၀င်းဆွေနှင့် မြို့နယ်/ ရပ်ကွက်များမှ မျက်နှာစုံညီအစည်းအဝေး တက်ရောက် ခွင့်ရသည့် ကိုယ်စားလှယ်များ စုစုပေါင်း (၈၁) ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် သဘာပတိ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်မြင့်မှ အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပါတီကော်မတီဝင် ဦးသွင်စိုးအောင်က တာမွေမြို့နယ်ပါတီ မှ ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များပါ စာတမ်း ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် တာမွေမြို့နယ်မျက်နှာစုံညီအစည်းအဝေးသို့ တင်သွင်းသော စာတမ်း ၅ စောင်ကို ကိုယ်စားလှယ် (၅) ဦးမှ ဖတ်ကြားပြီး တာမွေမြို့နယ် ပါတီအတွင်းရေးမှူး ဒေါ်လဲ့လဲ့ဝင်းဆွေက ပါတီမှ ဆောင်ရွက်ခဲ့သော လုပ်ငန်း များ၊ မျက်နှာစုံညီအစည်းအဝေးတွင် တက်ရောက်လာသော ကိုယ်စားလှယ် တော်ကြီးများ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားကာ မျက်နှာစုံညီ အစည်းအဝေး ဒုတိယပိုင်းကျင်းပနိုင်ရေးအတွက် လက်ရှိ ဆောင်ရွက်နေသည့် မြို့နယ် ပါတီ ကော်မတီဝင်များ နုတ်ထွက်ကြောင်း ကြေညာပြီး ပါတီမျက်နှာစုံညီအစည်းအဝေး ပထမပိုင်း အခမ်းအနားကို ရပ်နားခဲ့သည်။

စိုးမင်းသန်း


Leave a Reply