မြန်မာအပါအ၀င် အာဆီယံငါးနိုင်ငံကို ဗီဇာတစ်ခုတည်းဖြင့် သွားလာနိုင်ရေး စီစဉ်

အာဆီယံငါးနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား- လာအို- မြန်မာ – ဗီယက်နမ် – ထိုင်းနိုင်ငံတို့ကြား ကမ္ဘာလှည့် ခရီးသွားများ ဗီဇာတစ်ခုတည်းဖြင့် သွားလာနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ကမ္ဘာလှည့်ခရီးသွားများသည် အာဆီယံငါးနိုင်ငံအနက် တစ်နိုင်ငံတွင် ဗီဇာရယူခဲ့ပြီး အခြားနိုင်ငံများသို့ ဝင်ရောက် မည်ဆိုပါက ဗီဇာထပ်မံလျှောက်ထားရန်မလိုဘဲ အဆိုပါဗီဇာဖြင့် သွားရောက်လည်ပတ်နိုင်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့် သွင်က ပြောသည်။

‘‘အခုကအစည်းအဝေးမှာ တင်ပြနေကြတာပဲ ရှိပါသေးတယ်။ လုပ်ငန်းစဉ်အဆင်ပြေဖို့က အချိန်ယူရဦးမယ်။ နိုင်ငံတွေရဲ့တရားဥပဒေစိုးမိုးမှုအပေါ် မူတည်နေသေး တယ်’’ ဟု ဦးတင့်သွင်က ပြောသည်။

ဗီဇာတစ်ခုတည်းဖြင့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့သို့ သွားလာလည်ပတ်နိုင်ရန် ဇွန်လ (၁၇) ရက်တွင် ကျင်းပခဲ့သည့် CLMVT-2016 ဖိုရမ်၌ တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် မလေးရှားနိုင်ငံမှအပ ဗီဇာကင်းလွတ်ခွင့် ရရှိထားကာ စင်ကာပူနိုင်ငံ၌ လာမည့်ဒီဇင်ဘာမှစတင်၍ ဗီဇာ ကင်းလွတ်ခွင့်ရမည်ဖြစ် သည်။

ဗီဇာကင်းလွတ်ခွင့်ဆိုသည်မှာ နှစ်နိုင်ငံကြား သာမန်နိုင်ငံ ကူးလက်မှတ်ရှိရုံဖြင့် အပြန်အလှန် လည်ပတ်နိုင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ကို ၁၄ ရက် ခွင့်ပြုထားပြီး လေဆိပ်အဝင်အထွက်များသာဖြစ်ကာ နှစ်နိုင်ငံနယ်စပ်များ ပါဝင်ခြင်းမရှိသေးဘဲ နယ်စပ်ဖြတ်ကျော်မှုများတွင် အခက်အခဲများရှိနေဆဲ ဖြစ်သည်။

အဆိုပါ ဗီဇာစနစ်သည် တတိယနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများ နိုင်ငံငါးခု ခရီးစဉ်တစ်ခုတည်းသွားနိုင်ရန် ရည်ရွယ်ပြီး အာဆီယံနိုင်ငံများကြား တရားဥပဒေ စိုးမိုးရေးအပေါ် မူတည်၍ နယ်စပ်ဖြတ်ကျော်မှု အဆင်၊ မပြေသည်ကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာလှည့်ခရီးသည်များအတွက် အာဆီယံငါးနိုင်ငံတွင် ဗီဇာတစ်ခုတည်းဖြင့် သွားလာနိုင်ရန် စီစဉ်လျှက်ရှိသည်။
7 Day Daily

 


Leave a Reply