မြောက်ကိုရီးယား ဒုံးကျည် ပစ်ခတ်လာနိုင်ခြေအတွက် ဂျပန်စစ်တပ်ကို တပ်လှန့်ထား

61649644984

Musudan ဒုံးကျည် တင်ဆောင်ထားသည့် မြောက်ကိုရီးယား စစ်ထရပ်ကားတစ်စီး။

 

မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်နိုင်သည့် အခြေအနေတစ်ရပ်အတွက် ဂျပန်တွင် သတိပေး တပ်လှန့်မှု ပြုလုပ်ထားကြောင်း သိရသည်။

ဂျပန်အစိုးရ၏ အရာရှိကြီး အချို့က ဇွန် ၂၁ ရက်တွင် ဂျပန်စစ်တပ်ကို တပ်လှန့်ထားကြောင်း အတည်ပြုခဲ့ပြီး အနောက်ဘက် ကမ်းခြေတွင် ဒုံးခွင်းဒုံး စနစ်များကို အသင့်ပြင်ထားကာ ဂျပန်ပိုင်နက်သို့ ဦးတည်လာသည့် မည်သည့် မသင်္ကာဖွယ် အရာဝတ္ထုကိုမဆို ပစ်ချရန် အမိန့်ပေးထားကြောင်း ဆိုသည်။

မြောက်ကိုရီးယားသည် ၎င်းတို့၏ တာလတ်ပစ် ဒုံးကျည်ပစ်စင် တစ်ခုကို အရှေ့ဘက် ကမ်းခြေဒေသသို့ ရွှေ့ပြောင်းလျက် ရှိသော်လည်း လတ်တလောတွင် ပစ်ခတ်မည့် အလားအလာ မမြင်တွေ့ရသေးကြောင်း တောင်ကိုရီးယား၏ ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် ယခင်ကလည်း ဂျပန်ပင်လယ်ဘက်သို့ ချိန်ရွယ်ကာ တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ်ခဲ့ဖူးသည်။

ဇန်နဝါရီလက မြောက်ကိုရီးယား အနေဖြင့် ၎င်းတို့၏ စတုတ္ထမြောက် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု တစ်ခုကို ပြုလုပ်ခဲ့ပြီးကတည်းက အဆိုပါ ဒေသတွင် တင်းမာမှုများ မြင့်တက်နေသည်။ ဂျပန်အစိုးရက မြောက်ကိုရီးယားသည် တာလတ်ပစ် Musudan ဒုံးကျည်တစ်စင်းကို ဂျပန်ဘက် ချိန်ရွယ်ပစ်ခတ်မည်ဟု ယုံကြည်နေသည်။ မေလအတွင်းက လည်း Musudan တစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။ ထိုစဉ်ကလည်း ဂျပန်သည် ၎င်းတို့၏ စစ်တပ်ကို အသင့်အနေအထား တပ်လှန့်ထားခဲ့ဖူးသည်။

မြောက်ကိုရီးယားသည် ဧပြီလကလည်း Musudan ဒုံးကျည်များကို သုံးကြိမ် စမ်းသပ်ခဲ့သည့်တိုင် အောင်မြင်မှု မရသေးဟု အမေရိကန်နှင့် တောင်ကိုရီးယား အာဏာပိုင်များက ပြောကြားခဲ့သည်။ ဂျပန်သည် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မည့် အရိပ်အယောင်များ ထောက်လှမ်းတွေ့ရှိသည့် အခါတိုင်း ၎င်းတို့၏ ဒုံးခွင်းဒုံး စနစ်များကို တပ်လှန့် ပြင်ဆင်ထားလေ့ရှိကြောင်း သိရသည်။

-Ref: Reuters


Leave a Reply