အစိုးရ၏ ဖိတ်ကြားချက် ‘ဝ’ နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များ လက်ခံ

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် ပြင်ဆင်နေခြင်းနှင့် ပတ်သက်ပြီး နေပြည်တော်ကောင်စီ နယ်မြေသို့ လာရောက်ကာ နိုင်ငံတော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရ၏ ဖိတ်ကြားချက်ကို ‘ဝ’ နှင့် မိုင်းလား တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက လက်ခံကြောင်း ၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေး ကော်မတီထံမှ သိရသည်။

ဇွန်လ ၁၇ ရက်က မိုင်းလားအထူး ဒေသတွင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေး ဆပ်ကော်မတီ (၂) နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA) တို့ သီးခြားစီတွေ့ဆုံခဲ့ရာတွင် ယင်းသို့ဖိတ်ကြားခြင်းဖြစ်ကြောင်း အဆိုပါ ဆပ်ကော်မတီ ဝင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြ ထားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ‘ဝ’ လက်နက်ကိုင်အဖွဲ့ဘက်မှ ဆက်ဆံရေးမှူး ဦးကျောက်ကော်အန်းနှင့် မိုင်းလားဘက်မှ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့ တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး အစိုးရဘက်က ၂၁ ရာစု ပင်လုံညီလာခံ တက် ရောက်ရန်နှင့် နေပြည်တော်သို့ လာရောက်၍ နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ဆုံရန် ဖိတ်ကြားမှုကို လက်နက်ကိုင်အဖွဲ့များက လက်ခံခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ အစိုးရ၏ ဖိတ်ကြားမှုကို လက်ခံသည့်အပြင် ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထား အမြင်များကိုလည်း လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကြောင်း ဦးခင်ဇော်ဦး၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

၂၁ ရာစု ပင်လုံညီလာခံတွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေး သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လာရေးအတွက် ကြိုတင်ပြင်ဆင်ရေး ဆပ်ကော်မတီ (၂) အနေနှင့် ယင်းလက်နက်ကိုင် ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း အပစ်ရပ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များ တပ်ပေါင်းစု ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းအဖွဲ့များကိုလည်း ပြည်တွင်းသို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဖိတ်ကြား ထားကြောင်း ကြိုတင်ပြင်ဆင်ရေး ကော်မတီထံမှ သိရသည်။

The Voice Weekly


Leave a Reply