ပြည်ပတင်ပို့ခွင့် ပိတ်ထားသည့် ကုန်စည်သုံးမျိုးကို ခွင့်ပြုရန်စီစဉ်

ပြည်ပတင်ပို့ခွင့်ပိတ်ပင်ထားသည့် ကုန်စည်သုံးမျိုးကိုတင် ပို့ခွင့်ပြုနိုင်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ သဘောတူညီချက်ရရှိပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

လက်ရှိတွင် ပြည်ပသို့ တင်ပို့ခွင့်မပြုသော ကုန်ပစ္စည်း (၁၂) မျိုးအနက် ပန်းနှင်းဆီ (မုန်ညင်း၊ မုန်ညင်းဆီ၊ နေကြာနှင့် နေကြာဆီ စသည့်သုံးမျိုးကို ၀န်ကြီးဌာန၏ ရက်တစ်ရာစီမံချက်အတွင်း သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ညှိနှိုင်း၍ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာနက ကြေညာထားသည်။

အဆိုပါကုန်ပစ္စည်းများကို ပြည်ပတင်ပို့ခွင့်ပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း ဦးခင်မောင်လွင်က ပြောကြားသည်။

‘‘မကြာမီ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြမယ်။ ခွင့်ပြုချက်ရရင် တရားဝင်ထုတ်ပြန်သွားမှာပါ။ ဒီကုန်စည်တွေ ခွင့်ပြုဖို့တင်မဟုတ်ဘဲ တခြားရက်တစ်ရာအတွင်း လုပ်မယ့်ကိစ္စတွေအကုန်လုံးကို တခြားဌာနတွေနဲ့ ညှိနှိုင်းပြီးပါပြီ’’ ဟု ဦးခင်မောင်လွင်က ပြောသည်။

အဆိုပါကုန်စည်သုံးမျိုးအပြင် အခြားတင်ပို့ခွင့် ကန့်သတ်ထားသည့် ကုန်များထဲမှ အချို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ဆက်လက်ညှိနှိုင်းမည်ဟုဆိုသည်။

ပြောင်းလဲလာသည့် ခေတ်အခြေအနေအရ အဆိုပါကုန်စည်များကို ပြည်ပတင်ပို့ခွင့်ပြုရန် စီစဉ် ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။

‘‘နိုင်ငံမှာ ဆီစားသုံးမှုက လုံလောက်မှုမရှိခဲ့ဘူး။ တစ်နှစ်ကို စားအုန်းဆီတန်ချိန် ကိုးသိန်းလောက် တင်သွင်းနေရတယ်။ ဒါ ကြောင့် ဆီနဲ့ဆီထွက်သီးနှံတွေ တင်ပို့ခွင့်မပြုခဲ့တာပါ။ မြေပဲဆန် ကတော့ အရင်က ပိတ်ထားခဲ့ပြီးမှ ပြန်ခွင့်ပြုထားပြီးသားပါ’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချိုကပြောသည်။

ထို့အပြင် လက်ရှိတွင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ပမှ တင်သွင်းနေသည့် ကုန်ပစ္စည်းများအနက် အချို့ကုန် စည်လိုင်းများကိုလည်း ထပ်မံဖြေလျှော့ပေးရန်ရှိသည်ဟု သတင်း ရရှိသည်။

7 Day Daily


Leave a Reply