ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းကျောင်းသို့ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ပညာရေး ငွေပဒေသာပင် စိုက်ထူလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဇွန်လ (၁၃) ရက်နေ့ နံနက် (၈)နာရီ (၃ဝ)မိနစ် အချိန်တွင် ဟင်္သာတခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များနှင့်အတူ ဟင်္သာတ မြို့နယ်၊ ရွာသစ်ချင်းချိုင့်ကျေးရွာ၊ ကျောင်းကြီးကျောင်းတိုက်၊ ဘုန်းတော်ကြီး သင် ပညာရေးမူလတန်းကျောင်းသို့ရောက်ရှိပြီး ရှေးဦးစွာ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဝါသဝအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ဖူးမြော်ကြည်ညိုသည်။

၎င်းနောက် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ လှူဒါန်းခြင်းအခမ်းအနားကို စတင်ပြုလုပ်ရာ ဆရာတော် ဘဒ္ဒန္တဝါသဝမှ သြဝါဒစကားမိန့်ကြားပြီး အခမ်းအနားကိုဖွင့်လှစ်သည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ပါတီဝင်တစ်ဦးဖြစ်၍ ပါတီမှ နိုင်ငံတော်နှင့် ပြည်သူများ အကျိုး အတွက် ချမှတ်ထားသော မူဝါဒနှင့် လမ်းညွှန်ချက်များအား အကောင် အထည်ဖော်ရန် တာဝန်ရှိကြောင်း၊ ဟင်္သာတသားတစ်ဦးဖြစ်၍ ဟင်္သာတမြို့ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် ဝတ္တရားရှိကြောင်း၊ မိမိအနေဖြင့် ယခင် ကော်ဇံကျေးရွာသို့ သွားရောက်စဉ် မော်တော်ယာဉ်များအား ယခု ကျောင်းဝန်းအတွင်း ထားရှိရာမှ ဘုန်းတော်ကြီးသင် ပညာရေး မူလတန်း ကျောင်းအား တွေ့ရှိခဲ့ကြောင်း၊ ထိုစဉ်ကပင် ဆရာဆရာမများအား လစဉ် ထောက်ပံ့ကြေး ပေးနိုင်ရန်အတွက် အရင်းမပျောက် မတည်ငွေ၊ ငွေပဒေသာပင် စိုက်ထူလှူဒါန်းခဲ့ပါကြောင်း၊ ကျောင်းဆောင်သစ် ဆောက် လုပ်ရန်အတွက်လည်း ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ ရွာရှိကလေးငယ်များ ပညာရေးအတွက် စောင့်ရှောက်ပေးနေသည့် ဆရာတော်နှင့် ဆရာ ဆရာမ များ ရပ်မိရပ်ဖများကိုလည်း ကျေးဇူးတင်လေးစားမိပါကြောင်း၊ ကျောင်းဖွင့်စ ကာလတွင် လိုအပ်နိုင်သည့် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ လာရောက် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ အတိုင်းအတာ တစ်ခုအထိ အထောက်အကူပြု မည်ဟု ယူဆပါကြောင်း၊ အချို့သောသူများက ယခုကဲ့သို့ ကူညီမှုများအပေါ် ပြစ်တင်ဝေဘန်မှုများရှိသော်လည်း၊ မိမိတို့အနေနှင့် စေတနာထား၍ တတ်စွမ်းသမျှ ကူညီသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ ကြီးကြပ်ပေးသည့် လက်ထောက် ပညာရေးမှူး (ငြိမ်း) ဆရာကြီး ဦးသန်းအောင်အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ် ရာ ဆရာကြီးဦးသန်းအောင်မှ လက်ခံရယူပြီးနောက် ဆရာဆရာမ များအား ကျောင်းစိမ်းလုံချည်နှင့် ဂုဏ်ပြုချီးမြင့်ငွေများကို တစ်ဦးချင်းပေးအပ်ရာ သက်ဆိုင်ရာ ဆရာဆရာမများက လက်ခံရယူသည်။

ထို့နောက် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များအား အတန်းအလိုက် ပေးအပ် လှူဒါန်းရာ သက်ဆိုင်ရာ အတန်းများမှ ကျောင်းသားကျောင်းသူများက လက်ခံရယူသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက ဆရာဆရာမများအား လစဉ်ထောက်ပံ့ ကြေးပေးနိုင်ရန် ထူထောင် ထားသည့် အရင်းမပျောက်မတည်ငွေ၊ ငွေ ပဒေသာပင်သို့ အလှူငွေထပ်မံလှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ မှ လက်ခံရယူပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်မိရပ်ဖများကိုယ်စား လက်ထောက် ပညာရေးမှူး (ငြိမ်း) ဆရာကြီးဦးသန်းအောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားပါသည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် အဖွဲ့သည် ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းကျောင်းနှင့် ကျောင်းဆောင်သစ်တိုးချဲ့ ဆောက်လုပ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သော ဘိလပ်မြေနှင့် သွပ်ပြားများ ဖြည့်ဆည်း လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply