ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားပြုခဲ့ကြောင်း စွပ်စွဲခံရသည့်နောက် တိုကျိုအုပ်ချုပ်ရေးမှူး ရာထူးမှနုတ်ထွက်

dcew5t4y6

ပြည်သူ့ဘဏ္ဍာများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဆိုသော စွပ်စွဲချက်များကြောင့် တိုကျိုမြို့တော် အုပ်ချုပ်ရေးမှူး ရာထူးမှ နုတ်ထွက်ခဲ့ရကြောင်း သတင်းရရှိသည်။ ဂျပန်၏ မြို့တော်ဖြစ်သော တိုကျို၏ အစိုးရအဖွဲ့ကို ဦးဆောင်နေသော ယူအီချီ မာဆူဇိုသည် မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်လိုက်ပြီဟု ဇွန် ၁၅ ရက်တွင် မီဒီယာများကို အသိပေးခဲ့သည်။ ၎င်းသည် အစိုးရ ငွေကြေးများကို ကိုယ်ပိုင် အားလပ်ရက် အပန်းဖြေ ခရီးများနှင့် အနုပညာ ပစ္စည်းများ ဝယ်ယူမှု၊ သားသမီးများအတွက် ရုပ်ပြကာတွန်း စာအုပ်များ ဝယ်ယူမှုတို့တွင် အသုံးချခဲ့ကြောင်း အပြင်း အထန် စွပ်စွဲခံခဲ့ရသည်။

ဇွန် ၁၅ ရက်တွင် တိုကျိုအစိုးရအဖွဲ့ ညီလာခံ၌ မာဆူဇို၏ ရာထူးနှင့် ပတ်သက်၍ ဆက်လက်ခန့်ထားရန် ယုံကြည်မှု မရှိ အဆိုကို မဲခွဲရန် စီစဉ်ထားရာ သေချာပေါက် အရေးနိမ့်မည့် အခြေအနေ ရှိခဲ့သည်။ မာဆူဇိုသည် ယင်းအဆို မဲမခွဲမီတွင် ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ အိုလံပစ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အင်တိုက်အားတိုက် ပြင်ဆင်နေသည့် တိုကျို အစိုးရအဖွဲ့ အနေဖြင့် ယခုကဲ့သို့ အရှက်ရဖွယ် အခြေအနေ တစ်ရပ် ကြုံလာခြင်းက ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်ခဲ့သည်။ ထို့အပြင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လစ်ဘရယ်လ် ဒီမိုကရက် ပါတီအတွက် ရွေးကောက်ပွဲကြို ကာလတွင် မျက်နှာပျက်စရာ ထိခိုက်မှု တစ်ခုလည်း ဖြစ်လာသည်။

မာဆူဇိုသည် မိမိလက်အောက်တွင် အငြင်းပွားဖွယ် အရှက်ရဖွယ် ပြဿနာများ လုံးဝ မရှိစေရဆိုသော ကတိ ကဝတ်ဖြင့် ရွေးကောက်ပွဲ အနိုင်ရကာ တိုကျို အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သူဟု သိရသည်။ မာဆူဇိုက ၎င်းအနေဖြင့် ဥပဒေ ချိုးဖောက်မှု လုံးဝမရှိဟု ငြင်းဆိုထားသော်လည်း အလွန်အကျွံ သုံးဖြုန်းခဲ့မှုများအရ ကျင့်ဝတ်ပိုင်း အားနည်းချက်အချို့ ပေါ်ပေါက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဧပြီလအတွင်းက မာဆူဇိုသည် ၎င်း၏ ရုံးသုံးကားကို အားလပ်ရက် အပန်းဖြေ ခရီးတစ်ခုအတွက် တိုကျိုတောင်ပိုင်းသို့ မောင်းနှင် ယူဆောင်ခဲ့ရာမှ ယခုပြဿနာ အစပြုခဲ့သည်။ ထို့နောက် မီဒီယာများ၏ ဖော်ထုတ်မှုအရ မာဆူဇိုသည် အစိုးရ ရန်ပုံငွေများကို မိသားစုအတွက် တန်ဖိုးကြီး အသုံးအဆောင်၊ အဝတ်အထည်များ ဝယ်ယူခြင်း၊ Spaများ အတွက် အဖိုးအခ ပေးချေခြင်းများ အပါအဝင် အမြောက်အမြား ယူငင်သုံးစွဲခဲ့ကြောင်း ပေါ်ပေါက်လာခဲ့သည်။

-Ref: BBC


Leave a Reply