အော်လန်ဒို ပစ်ခတ်မှုတွင် သေဆုံးသူများကို ရည်စူးပြီး အီဖယ်လ်မျှော်စင်တွင် သက်တံမီးရောင်စုံများ ထွန်းညှိ

Untitled-1_6

အမေရိကန်နိုင်ငံ၊ အော်လန်ဒိုမြို့တွင် ဖြစ်ပွားသည့် Gay နိုက်ကလပ် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများကို ရည်စူးသည့် အနေဖြင့် အီဖယ်လ်မျှော်စင်တွင် သက်တံရောင်စုံ မီးအလင်းများ ထွန်းညှိခဲ့ကြောင်း သိရသည်။

ဇွန် ၁၂ ရက် ညပိုင်းက အော်လန်ဒိုရှိ Gayအများအပြား စုဆုံရာ ကလပ်တစ်ခုတွင် သေနတ်သမား တစ်ဦးက စီးနင်းပစ်ခတ်ရာ လူ ၄၉ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ ယင်းဖြစ်ရပ်တွင် သေဆုံးခဲ့သူများနှင့် တစ်သားတည်းရှိကြောင်း ပြသသည့် အနေဖြင့် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်၏ အထိမ်းအမှတ်ဖြစ်သော အီဖယ်လ် မျှော်စင်ကြီးပေါ်တွင် မီးရောင်စုံများ ထွန်းခဲ့ခြင်း ဖြစ်သည်။ သက်တံရောင်စုံသည် လိင်တူစုံမက်သူများကို ကိုယ်စားပြုသော အလံမှ အရောင်များ ဖြစ်သည်။

“ပါရီဟာ အော်လန်ဒိုနဲ့အတူ ရပ်တည်တယ်။ ဒီညမှာ LGBT (လိင်တူစုံမက်သူများ)တွေရဲ့ အရောင်ကို အီဖယ်လ်မှာ ထွန်းညှိပြီး သေဆုံးသူတွေကို ဂုဏ်ပြုမယ်”ဟု ဇွန် ၁၃ ရက်တွင် ပါရီမြို့တော်ဝန် အန်နာ ဟီဒယ်လ်ဂိုက Twitterတွင် ကြေညာခဲ့သည်။

ဇွန် ၁၄ ရက် နံနက်ပိုင်းတွင်မူ အီဖယ်လ်မျှော်စင် ရှေ့မှောက်တွင် လူအများ စုရုံးကာ အော်လန်ဒို ပစ်ခတ်မှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ပြသခဲ့ကြသည်။ အော်လန်ဒို ပစ်ခတ်မှုတွင် လူပေါင်း ၄၉ ဦး (အစောပိုင်းတွင် ၅၀ ဟု သတင်းများက ဖော်ပြခဲ့) သေဆုံးပြီး ခေတ်သစ် အမေရိကန် သမိုင်းတွင် အဆိုးဆုံး အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှု အနေဖြင့် မှတ်တမ်းဝင်သွားခဲ့သည်။

Ref: Mashable Asia


Leave a Reply