အစိုးရသစ် ရေးဆွဲထားသည့် စီးပွားရေးမူဝါဒကို မကြာမီ ထုတ်ပြန်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

နိုင်ငံတော်၏ အနာဂတ်စီးပွားရေးအတွက် တိကျသည့် မူဝါဒချမှတ်နိုင်ရန် လက်ရှိအစိုးရ ရေးဆွဲထား သည့် စီးပွားရေးမူဝါဒတစ်ခုကို ယခုလအတွင်းထုတ်ပြန်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

‘‘လောလောဆယ် အသေးစိတ်ပြောလို့မရသေးဘူး။ သက်ဆိုင်ရာလူကြီးတွေကို တင်ပြရဦးမယ်။ ဒီစီးပွားရေးမူဝါဒက နိုင်ငံသားအားလုံး စီးပွားရေးလုပ်ပိုင်ခွင့်ရှိတဲ့ မူဝါဒဖြစ်လိမ့်မယ်’’ ဟု ပြည်ထောင်စု ၀န်ကြီးက မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

U Kyaw Win

အရပ်သားအစိုးရ၏ စီးပွားရေးမူဝါဒသည် လုပ်ငန်းလုပ်ကိုင်လိုသူများကို ပိတ်ဆို့တားဆီးမှုမလုပ်ဘဲ ကူညီထောက်ပံ့ရေးကိုသာ ဦးစားပေးလုပ်ဆောင်မည်ဟု ဇွန်လ ၁၃ ရက်က ကုန်သည်များ၊ စက်မှု လက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များက အခက်အခဲဖြစ်နေသော အခွန်နှုန်းထား ပမာဏ များနေခြင်း၊ အပိုအခွန် နှုန်းထားပေးဆောင်နေရခြင်း၊ အထူးကုန်စည်ခွန် ပေးဆောင်ရခြင်းတို့ကြောင့် အကျိုးအမြတ် လျော့နည်းခြင်းတို့ကို    လုပ်ငန်းရှင်များ ကိုယ်စားသက်ဆိုင်ရာ စီးပွားရေး အသင်းအဖွဲ့ အသီးသီးက တင်ပြကြသည်။

အခွန်နှုန်းထားများ လျှော့ချပေးရန်     လုပ်ငန်းရှင်များ၏ တောင်းဆိုမှုနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးအား သတင်းမီဒီယာများက မေးမြန်းရာတွင် ‘‘အခွန်နှုန်းထားတွေ ပြုပြင်လို့ရတယ်။ ပြောတဲ့ အချက်တွေကို ဝန်ကြီးတို့ စဉ်းစားမယ်။ ပြင်လို့ရတဲ့အချက်တွေရှိသလို ပြင်လို့မရတဲ့အချက်တွေလည်း ရှိတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အခွန်ရရှိမှုက အခန်းကဏ္ဍတစ်ခုအနေဖြင့် ပံ့ပိုးပေး မည်ဟု  ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိ စီးပွားရေးကဏ္ဍတွင် လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ကုန်သည် စက်မှု အသင်းချုပ်က စစ်တမ်းကောက်ယူရာတွင် အခွန်နှုန်းထားပြဿနာများ ပါဝင်သကဲ့သို့ ငွေလဲနှုန်း မတည်ငြိမ်မှုလည်း      အဓိကအချက်အဖြစ် ပါဝင်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဗဟို အလုပ်အမှုဆောင် ဦးမိုးကျော်က ပြောသည်။

ငွေလဲနှုန်းနှင့်ပတ်သက်၍ စစ်တမ်းတွင် ပြည်တွင်းမှ ပို့ကုန်လုပ်ငန်းရှင်များက အမေရိကန် တစ် ဒေါ်လာလျှင် ၁,၁၀၀ ကျပ်မှ ၁,၂၀၀ ကျပ်ကြား ရှိသင့်သည်ဟု ပြောကြားထားပြီး သွင်းကုန်လုပ်ငန်း ရှင်များက အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁,၀၀၀ မှ ၁,၁၀၀ ကြား သတ်မှတ်သင့်သည် ဟု ဖြေဆိုထားကြောင်း ဦးမိုးကျော်က ပြည်ထောင်စုဝန်ကြီးအား တင်ပြသည်။

ဗဟိုဘဏ်မှ သတ်မှတ်သော ဇွန်လ ၁၃ ရက် တရားဝင်ရည် ညွှန်းငွေလဲနှုန်းအရ အမေရိကန် တစ်ဒေါ်လာလျှင် ၁,၁၈၈ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက် တွင် တစ်ဒေါ်လာလျှင် ၁၁၉၃ ကျပ်ခန့် ပေါက်ဈေးရှိသည်။

7 Day Daily


Leave a Reply