မလေးရှားအခြေစိုက် အစ္စလာမ္မစ် လေကြောင်းလိုင်း လိုင်စင်ရုပ်သိမ်းခံရ

Rayani-Air-EPA

မလေးရှားနိုင်ငံအခြေစိုက် ပထမဆုံး အစ္စလာမ္မစ် လေကြောင်းလိုင်းတခုဖြစ်တဲ့ ရာယနီအဲလိုင်း (Rayani Air) ကို ဇွန်လ ၁၃ ရက်နေ့မှာ ပျံသန်းခွင့် ရုပ်သိမ်းခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။

ရာယနီလေကြောင်းလိုင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စတင်ပျံသန်း ပြေးဆွဲခဲ့တာပါ။

လေယာဉ်ပေါ်မှာ ခေါင်းမြီးခြုံဝတ်စုံ (Hijab) ၀တ် လေယာဉ်ဝန်ထမ်း အမျိုးသမီးတွေ၊ ဘာသာရေးဆိုင်ရာထုံးတမ်းနဲ့ စီရင်ထားတဲ့ (Halal) အစားအသောက်တွေနဲ့ ၀န်ဆောင်မှု ပေးခဲ့သလို အရက်သေစာလည်း သောက်စားခွင့် မရှိပါဘူး။

ဒါပေမယ့် လေကြောင်းလိုင်းအနေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ စီးပွားဖြစ် လေကြောင်းလိုင်းတခုအဖြစ် ကာလရှည် လုပ်ဆောင်နိုင်မှု မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် လိုင်စင်ကို ရုပ်သိမ်းခဲ့တာဖြစ်တယ်လို့ မြို့ပြလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ဒီစီအေ) က ပြောပါတယ်။

ရာယနီလေကြောင်းလိုင်းမှာ ခရီးသည် ၁၈၀ ဆန့် ဘိုးအင်း ၇၃၇-၄၀၀ လေယာဉ် ၂ စီးရှိပြီး လေယာဉ်မောင်းသူ ၈ ဦး၊ အမှုထမ်း ၅၀ နဲ့ လည်ပတ်နေတာပါ။

ခုလို လိုင်စင်ရုပ်သိမ်းလိုက်ရတာဟာ လေကြောင်းလိုင်းအနေနဲ့ လေကြောင်းဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့လို့ သုံးလကြာ ရပ်ဆိုင်းမှုအပြီးမှာ ဖြစ်လာခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ရာယနီလေကြောင်းလိုင်းဟာ လန်ကာဝီကျွန်းပေါ် အခြေစိုက်ထားပြီး မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူနဲ့ မြောက်ပိုင်းမြို့တမြို့ဖြစ်တဲ့ ကိုတာဘာရူမြို့တွေဆီ ပျံသန်း ပြေးဆွဲနေခဲ့ကာ နောက်ပိုင်းမှာ မက္ကာဘုရားဖူး ခရီးစဉ်တွေ အတွက်ပါ ပြေးဆွဲဖို့ စီစဉ်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

(DVB Burmese)


Leave a Reply