ပလောင်၊ ကိုးကန့် ၊ ရခိုင်အဖွဲ့များ တိုက်ပွဲရပ်ကြောင်း ကြေညာလျှင် တပ်မတော်နှင့် ဆွေးနွေးနိုင်မည် ဟုဆို

တပ်မတော်နှင့် စစ်ရေးတင်းမာနေသော လက်နက်ကိုင်များဖြစ်သည့် ပလောင်၊ ကိုးကန့်၊ ရခိုင် လက်နက်ကိုင်အဖွဲ့များဘက်က တိုက်ပွဲများရပ်ဆိုင်းသည့် ကြေညာချက်ထုတ်ပေးလျှင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဟု တပ်မတော်ဘက်မှ သဘောထားရှိကြောင်း တပ်မတော်နှင့် နီးစပ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်စွန့်ရန် ပြောကြားထားသည့် ယင်းလက်နက်ကိုင်များ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်ရေး တပ်မတော်၏ သဘောထားကို ၎င်းက ဇွန်လ (၁၂) ရက်က ပြုလုပ်သော ၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်သည့် အစည်းအဝေးအပြီးတွင် ပြောကြား ခြင်းဖြစ်သည်။

ဖြစ်ပွားနေသော တိုက်ပွဲများ ပြီးဆုံးပြီဖြစ်ကြောင်းနှင့် ယင်းလက်နက်ကိုင်များအနေနှင့် ငြိမ်းချမ်းရေး လမ်းစဉ်ကို ရှေ့ဆက်သွားရန် ကြေညာချက်ထုတ်ပေးရန် တပ်မတော်က လိုလားကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) က ဆိုသည်။

“ဒီ Statement ကို ထုတ်ပေးပြီးလို့ရှိရင် သူတို့နဲ့ ကိုယ်နဲ့ (တပ်မတော်) စကားပြောလို့ရပြီ၊ ဒီတိုက်ပွဲပြီးပါပြီလို့ သူတို့ ပြောဖို့လိုလာပြီ”ဟု ၎င်းက ရှင်းပြသည်။

ထိုသို့ ကြေညာချက်ထုတ်ရန် လိုအပ်ကြောင်းကိုလည်း ယင်းလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ၍ ရှင်းပြသွားမည်ဖြစ်ပြီး တွေ့ဆုံနိုင်ရန်ကို ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၂၁ ရာစု ပင်လုံညီလာခံ ကြိုတင် ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဆိုသည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရခိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (AA) စသည့် လက်နက်ကိုင်အဖွဲ့သုံးခုကို ငြိမ်းချမ်းရေး ဆွေးနွေး မည်မဟုတ်ဘဲ ယင်းအဖွဲ့များအနေနှင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် တပ်မတော်က မေလ (၁၃) ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ထိုသို့ တပ်မတော်က နိုင်ငံရေးဆွေးနွေးမှုမရှိသေးဘဲ လက်နက်ကိုင်လမ်းစဉ်စွန့်ရန် ပြောကြားခြင်းကို လက်မခံနိုင်ကြောင်း ယင်းလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က မေလ (၂၂) ရက်က ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်၍ တုံ့ပြန်ထားသည်။

The Voice Weekly


Leave a Reply