အခွန်ထမ်း ၁၀၀၀ ကို ထပ်မံ ရွေးထုတ်၍ ကိုယ်တိုင် အခွန်စည်းကြပ်သည့် စနစ်ဖြင့် ကောက်ခံမည်

အခွန်ဒုတိယ အများဆုံး ထမ်းဆောင်သည့် အခွန်ထမ်း ၁၀၀၀ ကို ထပ်မံရွေးထုတ်၍ ကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (Self -Assessment System – SAS) ဖြင့် ကောက်ခံနိုင်ရန် လုပ်ဆောင် နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

လတ်တလောတွင် အခွန်ထမ်းကြီး ၅၀၀ ကိုရွေးထုတ်၍ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်၍ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းပေါ်တွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ဖွင့်လှစ်၍ ကိုယ်တိုင် အခွန်စည်းကြပ် ကောက်ခံသည့်စနစ်ဖြင့် ကောက်ခံလျက်ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ဘယ်တော့လောက် စဖြစ်မလဲဆိုတာတော့ မသိသေးဘူး။ လုပ်တော့ လုပ်နေပါတယ်”ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

ထိုသို့ အခွန်ကောက်ခံခြင်းမှာ နိုင်ငံတကာတွင် ကောက်ခံနေသည့် ပုံစံတစ်မျိုးဖြစ်ပြီး ကောင်းမွန်သည့် အခွန်ကောက်ခံမှုစနစ်ဖြစ်ကာ တာဝန်သိနိုင်ငံသားတစ်ဦးအနေနှင့် ထိုသို့လုပ်ဆောင်နိုင်ရမည်ဖြစ်ကာ အခွန်ရှောင်ပါက ဥပဒေအရ အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပြု ပြောဆိုသည်။

ထို့အပြင် လက်ရှိ အခွန်ကောက်ခံလျက်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန် စနစ်ကိုလည်း နိုင်ငံတကာတွင် ကောက်ခံလျက်ရှိသည့် ပုံစံများဖြစ်သော Value Added Tax – VAT နှင့် Good Service Tax – GST ပုံစံတို့သို့ ပြောင်းလဲ ကောက်ခံရန်လည်း စီစဉ်လျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly


Leave a Reply