မွန်ဂိုလီးယားသမ္မတ မြန်မာနိုင်ငံသို့ လာမည်

မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj သည် မြန်မာနိုင်ငံသို့ ဇွန်လ (၁၄) ရက်မှ (၁၆) ရက်အထိ အလုပ်သဘော လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။ ခရီးစဉ်အတွင်း သဘာဝ သယံဇာတစီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍ နော်ဝေးနိုင်ငံနှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုပါ ပြုလုပ်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇေယျကပြောသည်။

President os Mongolia

သုံးရက်ကြာခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် အစိုးရ၀န်ထမ်းများ နှင့်ပါ တွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

သို့ဖြစ်၍ ၎င်း၏ခရီးစဉ်သည် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ခရီးစဉ်ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်သည့် ပြည်ပနိုင်ငံခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်လည်း ဖြစ်သည်။

ယခုနှစ်တွင် မြန်မာ-မွန်ဂိုလီးယားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ် (၆၀) ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၌ မွန်ဂိုလီးယားသံရုံးမရှိသေးပေ။ လူဦးရေ သုံးသန်းခန့်ရှိသည့် မွန်ဂိုလီးယားနိုင်ငံသည် ရွှေ၊ ကြေးနီ၊ ယူရေနီယံနှင့် တွင်းထွက်ပစ္စည်းအများအပြား ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။

၂၀၁၃ နိုဝင်ဘာ ၁၈ ရက် က မွန်ဂိုလီးယားသမ္မတ မစ္စတာ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျဇာတ်ခ် ဟီးလ်ယာဒ်သည် မြန်မာ နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာခဲ့ခြင်းသည် မွန်ဂိုလီးယားသမ္မတတစ်ဦး အနေဖြင့် ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်သည်။

ယင်းခရီးစဉ်အတွင်း မွန်ဂိုလီးယားသမ္မတသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောကြားခဲ့ရာ အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်း ပြော ကြားပြီးနောက် ဒုတိယမြောက် မိန့်ခွန်း ပြောကြားသည့် ပြည်ပနိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။

ယမန်နှစ်က သမ္မတဦးသိန်း စိန်သည် မွန်ဂိုလီးယားအစိုးရ၏ ဖိတ်ကြားချက်အရ မွန်ဂိုလီးယား နိုင်ငံသို့ ဇွန်လ ၂၈ ရက်မှ ၃၀ရက် အထိ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်မှာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးစတင်ခဲ့သည့် ၁၉၅၆ မှ နှစ်ပေါင်း ၆၀ ခန့်အတွင်း မြန်မာသမ္မတတစ်ဦး ၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်ခဲ့သည်။

 7 Day Daily


Leave a Reply