အစိုးရ၏ မူဝါဒများအပေါ် လူထုသဘောထား တောင်းခံခြင်းများ ဆောင်ရွက်သွားမည်

အစိုးရချမှတ်လိုက်သည့် မူဝါဒများအပေါ် ပြည်သူလူထု၏ သဘောထားတောင်းခံခြင်းများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အရ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး မှ သတင်းရရှိသည်။

ပထမဆုံးစမ်းသပ်မှုအဖြစ် ကွမ်းစားသုံးမှုလျှော့ချရေးနှင့် ကွမ်းတံတွေးစည်းကမ်းမဲ့ထွေးမှုပပျောက်ရေး လူထု သဘောထားတောင်းခံခြင်းကို နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဇွန်လ (၈) ရက်ညက စတင်တောင်းခံနေ ပြီဖြစ်သည်။

‘‘ဒါက ပထမဆုံးပဲ။ နောက်လည်းဆက်လက်ပြီး လူထုသဘောထား တောင်းခံမှုတွေရှိမှာပါ။ နိုင်ငံတော်အတိုင်ခံ ပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ လုပ်တာပါ’’ ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

ကွမ်းစားသုံးမှုလျှော့ချရန် သမ္မတရုံးဝက်ဘ်ဆိုက်က လူထုသဘောထား တောင်းခံရာတွင် သဘောထားခြောက်မျိုး ထဲမှ ရွေးချယ်ခွင့်ပေးထားသည်။ ယင်းတို့မှာ လုံးဝထောက်ခံပါသည်။ မထောက်ခံပါ။ မူဝါဒကို ထောက်ခံသည်။ သို့သော် လုပ်နည်းမထောက်ခံပါ။ (ဥပမာ ကွမ်းတံတွေးစည်းကမ်းမဲ့ထွေးခြင်းကို ထိန်းချုပ်သည်ကို လက်ခံသော် လည်း ကွမ်းယာဆိုင်ပိတ်သိမ်းခြင်းကို မထောက်ခံပါ)။ ကွမ်းနှင့်အတူ လောင်းကစား၊ မူးယစ်ဆေးဝါး၊ အရက် သေစာများကို ထိထိရောက်ရောက် ထိန်းချုပ်ပေးစေလိုပါသည်နှင့် ထောက်ခံ၊ မထောက်ခံ မှတ်ချက်မပေးလိုပါ ဟူသော သဘောထားများဖြစ်ကြ သည်။

‘‘ပေါ်လစီချမှတ်လိုက်တဲ့ အပေါ်မှာ လူထုရဲ့သဘောထားက အဓိကကျတယ်။ ချမှတ်လိုက်တဲ့မူဝါဒအပေါ် ဘယ်လို တုံ့ပြန်လဲ။ မူဝါဒက ဘယ်လောက်ထိ ထိရောက်အောင်မြင်လဲဆိုတာ သိရှိဖို့ စောင့်ကြည့်ခြင်းနဲ့ ပြန်သုံးသပ်ခြင်း ဆိုတာ ရှိတယ်။ စောင့်ကြည့်ပြီးတော့ ပေါ်လစီဘယ်လောက်ထိ ထိရောက်နိုင်လဲဆိုတာ တွက်ချက်ရတယ်။ အဲဒီမှ မူဝါဒကို ပြန်ပြီးတော့ ထိန်းညှိ (Adjustment)တာရှိမယ်။ မူဝါဒလုပ်စရာမလိုဘူး။ လုပ်ထုံးလုပ်နည်းအပိုင်းမှာ လိုအပ်ချက်တွေရှိတယ်ဆိုရင်လည်း ပြန်ပြီးထိန်းညှိရတာပေါ့’’ ဟု ဦးဇော်ဌေးက ပြောသည်။

အစိုးရချမှတ်လိုက်သော မူဝါဒကို အကောင်အထည်ဖော်ရာတွင် ဒေသအလိုက် မတူညီသည့် အခြေအနေ၌ ပြည်သူလူထု၏ တုံ့ပြန်မှုလည်း တူညီမည်မဟုတ်ကြောင်း၊ ယင်းအခြေအနေအပေါ်ကြည့်၍ နေရာဒေသအလိုက် လုပ်ထုံးလုပ်နည်းအရ လိုအပ်ချက်များ ပြန်လည်သိရှိနိုင်ကြောင်း ၎င်းကပြောသည်။

‘‘အဓိကကတော့ ပြည်သူလူထုရဲ့ ပါဝင်မှုပေါ့နော်။ ပြည်သူလူထုပါဝင်မှုမှာ ဘယ်လောက်အထိ မူဝါဒကို နားလည် သလဲ။ လက်ခံသလဲ။ ဒီမူဝါဒမှာ ဘယ်လိုသဘောထားရှိလဲ။ ဒါက အစိုးရအနေနဲ့ အထူးအရေးကြီးတယ်။ အဲဒါအတွက် ဒါမျိုးလုပ်တာပါ’’ ဟု ဦးဇော်ဌေးက ရှင်းပြသည်။

နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်တွင် နိုင်ငံတော်သမ္မတထံ ပေးစာကဏ္ဍကို  ဖွင့်လှစ်ထားသည်။ ထို့အပြင် သမ္မတရုံးသို့ လိပ်မူတိုင်ကြားသည့် တိုင်ကြားစာများ လက်ခံရရှိပါကလည်းရရှိကြောင်း အကြောင်းကြားစာကို တိုင်ကြားသူထံ ပြန်လည်ပေးပို့နေပြီဖြစ်သည်။

7 Day Daily


Leave a Reply