မြန်မာ-စင်ကာပူနှစ်နိုင်ငံ ရက် ၃ဝ ဗီဇာကင်းလွတ်ခွင့် ဒီဇင်ဘာ ၁ ရက်တွင်စတင်မည်

စင်ကာပူနှင့် မြန်မာ နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ရရှိရေး နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့ပြီး ထိုဗီဇာကင်းလွတ် သွားလာခွင့်ကို ဒီဇင်ဘာ (၁) ရက်မှစတင်၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လုံး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်စဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ ဗီဇာ ကင်းလွတ်ရက်ပေါင်း ၃ဝ နေထိုင်ခွင့် အပြန်အလှန် သဘောတူညီချက်များ လဲလှယ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသဘောတူညီချက်အရ မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport) ဖြင့် စင်ကာပူ နိုင်ငံသို့ သွားရောက်ကြရာတွင် ဗီဇာလျှောက်ထားစရာမလိုဘဲ ရက်ပေါင်း (၃ဝ) နေထိုင်ခွင့်ရမည်ဖြစ်သလို စင်ကာပူနိုင်ငံသားများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ဗီဇာလျှောက်ထားစရာမလိုတော့ဘဲ လာရောက်နိုင်ပြီး ရက်ပေါင်း (၃ဝ) အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။

နှစ်နိုင်ငံ ဆွေးနွေးမှုများအရ မြန်မာနိုင်ငံသားများ စင်ကာပူနိုင်ငံသို့ ပြည်ဝင်ခွင့်မလိုဘဲ ရက် (၃ဝ) သွားခွင့် အပါအဝင် နှစ်နိုင်ငံအကြား အခွန်နှစ်ထပ်မဖြစ်ရေးစာချုပ်ကို ခေတ်နှင့်အညီ ပြင်ဆင်ရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံ ဒေသတွင်းနိုင်ငံများနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံများနှင့် သဘောတူညီမှုရရှိပြီးဖြစ်ရာ ယခုအခါ စင်ကာပူနိုင်ငံနှင့်သဘောတူညီမှု ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


 


Leave a Reply