ရာဇဝတ်သားများကို ပြည်သူများက စီရင်သတ်ဖြတ်ခွင့်ရှိဟု ဖိလစ်ပိုင် သမ္မတသစ် ဖြစ်လာမည့် ဒူတာတေး ဆို

1465178580855

ရာဇဝတ်သားများကို ပြည်သူလူထုက ၎င်းတို့ဖာသာ ကွပ်မျက်စီရင်ခြင်းကို အားပေး ထောက်ခံသွားမည်ဟု ဖိလစ်ပိုင် သမ္မတသစ် ဖြစ်လာမည့် ရိုဒရီဂို ဒူတာတေးက ပြောကြားလိုက်သည်။

မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူများ အပါအဝင် ရာဇဝတ်သားများကို ပြည်သူများက ပစ်ခတ် သတ်ဖြတ်ခဲ့သည် ရှိသော် ယင်းလုပ်ဆောင်မှုအတွက် မိမိက မားမားမတ်မတ် ရပ်တည်ပေးမည်ဟု ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ဒူတာတေးက ဆိုသည်။ ဒါဗာအို မြို့တော်ဝန် ဘဝတွင် ရာဇဝတ်မှုများကို ကြမ်းတမ်းစွာ နှိမ်နင်းခဲ့သူ တစ်ဦးဖြစ်သည့် ဒူတာတေးက ရာဇဝတ်မှုများအတွက် ပြည်သူများက ကိုယ့်သဘောဖြင့်ကိုယ် စီရင်ခြင်းသည် အစိုးရကို ကူညီနေသည်ဟု သဘောထားကြောင်း မှတ်ချက်ပေးခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က တစ်နိုင်ငံလုံးသို့ ဦးတည်ပြောကြားသည့် မိန့်ခွန်းတွင် ဒူတာတေးက မိမိအနေဖြင့် သမ္မတ ဖြစ်လာပါက ရာဇဝတ်မှုများကို ကူညီတိုက်ဖျက်သည့် ဖိလစ်ပိုင် ပြည်သူများကို ဆုချီးမြှင့်ရန် ရည်ရွယ်ကြောင်း ဆိုသည်။ “တစ်ခုခုဆိုရင် ရဲတွေကို ခေါ်ယူဖို့ တွန့်ဆုတ်မနေပါနဲ့။ ဒါမှမဟုတ် ခင်ဗျားမှာ သေနတ်ရှိရင် လုပ်စရာရှိတာ ကိုယ့်ဖာသာ လုပ်ပစ်လိုက်ပါ။ ဒီအတွက် ခင်ဗျားတို့ကို ကျွန်တော် အပြည့်အဝ ထောက်ခံသွားမယ်”ဟု ဒူတာတေးက ဆိုသည်။

၎င်းက မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူ တစ်ဦးကို တာဝန်သိ ပြည်သူများက ဖမ်းဆီးလာပြီး ရဲထံ အပ်နှံရန် စီစဉ်ချိန်တွင် ၎င်း၏ ခုခံပါက သတ်ပစ်ခွင့် ရှိကြောင်းလည်း မှတ်ချက်ပေးခဲ့သည်။ “အဲဒီကျရင် ပစ်သတ်လိုက်။ သူ့ကို သေနတ်နဲ့ ချိန်ပစ်လိုက်ပါ။ အဲဒီအတွက် ခင်ဗျားကို ဂုဏ်ပြု ဆုတံဆိပ်တစ်ခု ကျွန်တော်ပေးမယ်”ဟု ဒူတာတေးက ပြောကြားခဲ့သည်။

ဒူတာတေးသည် သဘောထား တင်းမာလွန်းသူ တစ်ဦးအဖြစ် လူသိများပြီး ထိုအချက်ကြောင့်လည်း မှုခင်းထူပြောကာ အကျင့်ပျက်မှု အလွန်များပြားနေသည့် နိုင်ငံတွင် လူကြိုက်များခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ရာဇဝတ်မှု ကျူးလွန်သူ များကို လူမြင်ကွင်းရှေ့မှောက်၌ ကြိုးပေး သုတ်သင်ခွင့် ပေးရန်လည်း လွှတ်တော်ကို တိုက်တွန်းထားသည်။

-Ref: SMH


Leave a Reply