အိမ်ရှင်မြန်မာအသင်း ဟောင်ကောင်ကို ဂိုးပြတ်သွင်းပြီး တတိယနေရာ ရရှိ

13417434_1026431907451630_5406496282388256952_n

လေးနိုင်ငံ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ (AYA Bank Cup) တတိယနေရာလုပွဲတွင် အိမ်ရှင် မြန်မာအသင်းက ဟောင်ကောင် အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ဇွန်လ ၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါပွဲတွင် မြန်မာအသင်းက စင်ကာပူအသင်းနှင့် ပွဲစဉ်၌ ပွဲ ထွက်ကစားခဲ့သည့် လူစာရင်းကို နှစ်ဦးသာ အပြောင်းအလဲပြုလုပ် ပြီး ဟောင်ကောင်အသင်းကို ရင် ဆိုင်ခဲ့သည်။

မြန်မာအသင်းက ကျော်ကိုကို၊ ကြည်လင်းတို့၏ တိုက်စစ်တွဲ လုံးဖြင့် ဟောင်ကောင်အသင်းကို ဖိအားပေးကစားနိုင်ပြီး ပွဲချိန် ၂၂ မိနစ်တွင် ကြည်လင်း၏ ပေးပို့မှု မှတစ်ဆင့် သန်းပိုင်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ မြန်မာအသင်းက ဟောင်ကောင်အသင်းကို ဖိအားပေးကစားကာ ပထမပိုင်းတွင် အပိုင် အခွင့်အရေး သုံးကြိမ်ခန့် ထပ်မံရ ရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခြင်းကြောင့် ပထမပိုင်း၌ မြန်မာအသင်းက ၁-၀ ဂိုး ဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဟောင်ကောင်အသင်းက တိုက်စစ်မြှင့် ကစားခဲ့သော်လည်း မြန်မာအသင်း နောက်တန်းကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ ပွဲချိန် ၅၆ မိနစ်တွင် ဟောင်ကောင်အသင်းက ပြစ်ဒဏ်ဘောတိုက်ရိုက်ကန်သွင်းရာ ဂိုးဘားတန်းထိထွက်ခဲ့သဖြင့် ချေပဂိုးရရှိခွင့် လွဲချော်ခဲ့ရသည်။ နောက်ပိုင်းတွင် မြန်မာအသင်းက ဆက်လက်ဖိအား ပေးနိုင်ပြီး ပွဲချိန် ၇၃ မိနစ်တွင် မောင်မောင်လွင်က ဒုတိယဂိုး၊ ပွဲချိန် ၈၈ မိနစ်တွင် ရဲကိုဦးက တတိယ ဂိုးသွင်းယူကာ ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ၂၀၁၅ နိုဝင်ဘာအတွင်းက ဟောင်ကောင်အသင်းနှင့် အဝေးကွင်း၌ ခြေစမ်းကစားရာ ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုအိမ်ကွင်းပွဲစဉ်တွင် ပြန်လည် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်လက်ထက် နိုင်ငံတကာပြိုင်ပွဲနှင့် ခြေစမ်းပွဲ စုစုပေါင်း ခုနစ်ပွဲ ယှဉ်ပြိုင် ကစားအပြီးတွင် တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ လေးပွဲရှုံးရလဒ် ရရှိထားကာ ယခုနိုင်ပွဲက ပထမဆုံး နိုင်ပွဲရရှိခြင်းဖြစ်သည်။ မြန်မာအသင်းသည်  လေးနိုင်ငံပြိုင်ပွဲတွင် တတိယ နေရာ ရရှိခြင်းကြောင့် ဆုကြေးငွေ ကန်ဒေါ်လာ ငါးထောင် ရရှိခဲ့သည်။

ဗီယက်နမ်နှင့် စင်ကာပူအသင်းတို့  ယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်လုပွဲတွင် ပွဲချိန်မိနစ် ၉၀ အတွင်း ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေသဖြင့် အချိန်ပိုဆက်လက်ယှဉ် ပြိုင်ခဲ့ရသည်။ အချိန်ပိုတွင် ဗီယက်နမ်အသင်းက ၃-၀ ဂိုးဖြင့် အနိုင် ရရှိကာ ဗိုလ်စွဲခဲ့သည်။ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲသည့် ဗီယက်နမ်အသင်းက ဆုဖလား နှင့် ကန်ဒေါ်လာ နှစ်သောင်း၊ ဒုတိယရရှိသည့် စင်ကာပူအသင်းက ကန်ဒေါ်လာတစ်သောင်း ရရှိခဲ့သည်။

 (7Daydaily)


Leave a Reply