စွယ်တော်မြတ်စေတီတော်အနီးရှိ ဥယျာဉ်တော် (၁၈)ရပ်သို့ လာရောက် လေ့လာနိုင်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ စွယ်တော်မြတ်စေတီတော် ပရ၀ုဏ်ဝန်းအတွင်း၌ တည်ရှိ သော ဥယျာဉ်တော် (၁၈) ရပ်ကို လာရောက်လေ့လာနိုင်ပြီး ဗုဒ္ဓဆင်းတုတော်များ လှူဒါန်းနိုင်ကြောင်း သိရသည်။
အဆိုပါ ဥယျာဉ်တော်ကြီးကို မြေဧက (၃၀)ဧက ကျုယ်ဝန်းသောနေရာ၌ ၂၀၁၃ ခုနှစ် သြဂုတ်လက စတင်၍ ပဓါနမဟာနာယက၊ အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တတိက္ခ မှကြီးမှူး၍ နယ်စပ်တောင်တန်းနှင့် ကမ်းရိုးတန်းဒေသ ဗုဒ္ဓသာသနာ ပြန့်ပွားရေး အသင်းမှ ဦးဆောင်ကာ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့တို့ ပူးပေါင်း၍ စတင်တည်ထောင်ခဲ့ကြောင်းသိရသည်။
စွယ်တော်မြတ်စေတီတော် ဥယျာဉ်(၁၈)ရပ်ကတော့ (၁)အင်ကြင်းဥယျာဉ်၊ (၂)လင်းလွန်းဥယျာဉ်၊ (၃) ညောင်ပင် ဥယျာဉ် (ညောင်ဗုဒ္ဓဟေပင်၊ ပညောင်ပင်၊ ညောင်ကြတ်ပင်)၊ (၄) ကံ့ကော်ပင်ဥယျာဉ်၊ (၅) သရက်ဖြူပင်ဥယျာဉ်၊ (၆) စန္ဒကူးပင်ဥယျာဉ်၊ (၇) ပိတောက်ပင်ဥယျာဉ်၊ (၈)ရေသဖန်းပင်ဥယျာဉ်၊ (၉) ကြခတ်ပင်ဥယျာဉ်၊ (၁၀) ကုက္ကိုပင်ဥယျာဉ်၊ (၁၁) ကြောင်လျှာပင်ဥယျာဉ်၊ (၁၂) တမာ(ကျည်း) ပင်ဥယျာဉ်၊ (၁၃)ထင်းရှူးပင်ဥယျာဉ်၊ (၁၄) ထောက်ကြံ့ပင်ဥယျာဉ်၊ (၁၅) မဟာလှေကားပင် ဥယျာဉ်၊ (၁၆)သံသတ်ပင် ဥယျာဉ်၊ (၁၇)သျှိသျှားပင် ဥယျာဉ်၊ (၁၈)သခွတ်ပင်ဥယျာဉ်တော် များဖြစ်ကြသည်။
“ဗုဒ္ဓဆင်းတုတော်တွေက ပေ(၂၀)အကွာမှာ တစ်ဆူနှုန်းတည်ထားတာပါ၊ (၁၀)ပေအကွာမှာ ဘုရားပွင့်ခဲ့တဲ့ ညောင်ပင်၊ အင်ကြင်း၊ အစရှိတဲ့အပင်(၁၈)မျိုး စိုက်တာပါ၊ ဥယျာဉ်အတွင်းရှိ အပင်များ ထိန်း သိမ်းရန် ၀န်ထမ်း (၅)ဦး ခန့်ပြီး ပေ၂၀၀ အကွာမှာရေတွင်းတူးပြီး လေးပေအမြင့်အုတ်ကန်နဲ့ ရေဖြန်း ပါတယ်၊ ရေဖြန်းတာလည်း မြေကြီးထဲကရေက အနွေးဓါတ် ရှိတော့ တိုက်ရိုက်မဖြန်းဘူး၊ စက်နဲ့ ရေတင်ပြီး အုတ်ကန်ထဲထည့် အုတ်ကန်ထဲကရေအေးပြီဆိုမှ အပင်တွေကို ပြန် လောင်းတယ်၊ ယခုလက်ရှိမှာတော့ ဗုဒ္ဓဆင်းတုတော် (၃၃၀၀) ကျော်တည်ပြီးသွားပြီ၊ မြေဧက (၃၀) ပဲရတာဆိုတော့ ဆင်းတုတော် (၃၀၀၀) ဆိုရင်ကုန်သွားပြီ၊ အဲ့ဒီတော့ (၁၀)ပေခြားမှာ ဆင်းတုတော်တစ်ဆူ ထပ်ပူဇော်တယ်၊ ဆင်းတု တော် (၄၀၀၀) လောက်ထိ ပြည့်အောင်ပူဇော်မယ် ရည်ရွယ်ထားတယ်၊ ဆင်းတုတော် လက်ရှိက (၃၃၀၀) ကျော်ဆို တော့ (၆၀၀) ကျော်လောက်တော့ အလှူခံဖို့ကျန်သေး တယ်၊ လှူဒါန်းလိုသူများအနေဖြင့် ၂ပေ ရွှေဆင်းတုတော် တစ်ဆူ လျှင် အပင်ရယ်၊ ပလ္လင်ရယ် အပါအ၀င် တစ်ဆူလျှင် ၅ သောင်းကျပ် (အလှူရှင်ဗ္ဗည်းပါပြီး) လာရောက်လှူဒါန်းနိုင် ပါတယ်” ဟု နယ်စပ်တောင်တန်းနှင့် ကမ်းရိုးတန်းဒေသ အသင်းချုပ် ဥက္ကဋ္ဌ ဦးလှဝင်းမှ ပြောကြားသည်။
ဗုဒ္ဓဆင်းတုတော် လှူဒါန်းလိုသူများအနေဖြင့် စွယ်တော်မြတ်စေတီတော် ဥယျာဉ်တော် (၁၈) ရပ် (မန္တလေး) ရုံးသို့ လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် တောင်စလင်းတိုက်သစ်(၆၂) လမ်းရှိ နယ်စပ်တောင်တန်းနှင့် ကမ်းရိုးတန်း ဒေသ ဗုဒ္ဓသာသနာပြန့်ပွားရေး အသင်းချုပ်ရုံးသို့လည်းကောင်း ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။
ပြည်မြန်မာ