နိုင်ငံရေး အကျဉ်းသားဟောင်း ၁၂၀ ကျော် ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင် အသိအမှတ်ပြုနိုင်ရန် မျှော်လင့်ဟုဆို
နိုင်ငံရေးအကျဉ်းသားဟောင်း လွှတ်တော်ကိုယ်စားလှယ် ၁၂၀ ကျော်ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်သတ်မှတ်နိုင်ရန်မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသား ရေးရာဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများက ဇွန် (၃) ရက်တွင် ပြောကြားသည်။
ဇွန် ၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ (ANP) မှ ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသား စသည့်ဝေါဟာရများအတွက် စကားရပ်အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ထိုသို့ဝေါဟာရ အဓိပ္ပာယ်ဖွင့်ရန် အစီအစဉ်မရှိကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ဖြေဆိုမှုသည် အစိုးရသစ်၏ ဖြေကြားချက် ဟုတ်၊ မဟုတ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၏ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုးက ၎င်းအချက်ကို လက်ရှိအစိုးရ၏ သဘောထား ဖြေကြားချက်နှင့်အတူ ဖြေကြားနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ဖြေဆိုမှုအပေါ် FPPS မှ ဦးထွန်းကြည်က “နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေးအကျဉ်းသား ဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ပတ်သက်လို့ လွှတ်တော် မှာ ပြည်ထဲရေးဝန်ကြီးဌာနကိုယ်စားပြု ဗိုလ်ချုပ်အောင်စိုး က ဘယ်လိုပဲဖြေခဲ့၊ ဖြေခဲ့ ကျွန်တော်တို့ကတော့ ဆက်လက်ပြီးတော့ ဆောင်ရွက်မှာပါ။ အခုလွှတ်တော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်လောက်ပါနေတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘ၀တွေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေကို သူတို့က ထင်ဟပ်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်တယ်” ဟု ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များအနက် လွှတ်တော်ကိုယ်စားလှယ် ၁၂၄ ဦး မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သည်ဟု စာရင်းကောက်ယူရရှိထားကြောင်း၊ အများစုမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) မှဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ သိရသည်။
၂၀၁၄ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော AAPP၊ FPPS၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) စသည့် အဖွဲ့ အစည်းများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲမှ နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုချက်တစ်ခု သတ်မှတ်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်အသိအမှတ်ပြုနိုင်ရေးနှင့် ပတ်သက်ပြီး FPPS။ AAPP တို့မှ ကိုယ်စားလှယ်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၁၅ ခုနှစ်အတွင်းက နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သေးသည်။ လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ၆၄ ဦးနှင့် နိုင်ငံရေးပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူ ၁၃၀ ကျော် ရှိကြောင်း AAPP မှ သိရသည်။
(Eleven Media Group)