၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်မှုအဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံပွဲ ပြုလုပ်ရန် စီစဉ်

၂၁ ရာစုပင်လုံညီလာခံ ကိုကြိုတင်ပြင်ဆင်သည့်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသောအဖွဲ့များ ပါဝင်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယခုရက်ပိုင်းအတွင်း ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သတင်းရရှိသည်။

အပစ်ရပ်လက်မှတ်မထိုးသေးသော KIO၊ SSPP၊ NMSP၊ KNPP အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်ကိုးဖွဲ့ ပါဝင်သည့် တပ်ပေါင်းစု UNFC အနေဖြင့် ထိုတွေ့ဆုံ ဆွေးနွေးပွဲဖြစ်မြောက်ရန် စီစဉ်လျက်ရှိပြီး ကိုယ်စားလှယ် များစေလွှတ်ကာ အပစ်ရပ်အဖွဲ့များနှင့် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

‘‘ထိုးတာရော၊ မထိုးတာရော ပါဖို့ပြင်ထားတယ်။ ရက်ဆုံးဖြတ်ချက် မချရသေးဘူးခင်ဗျ။ ဒီကိစ္စကို နိုင်ငံတော် အစိုးရနဲ့ ထပ်ညှိပြီးတော့ အဖြေရရင်တော့ ကျွန်တော်တို့ လုပ်ဖို့ အဆင်သင့်ပဲခင်ဗျ။ ကျွန်တော်တို့ဆွေးနွေးမှာ ကတော့ ဖက်ဒရယ်ကိစ္စပါပဲ။ အဓိကက Politi-cal dialogues ရယ်၊ freedom of framework ရယ်ပါပဲခင်ဗျ’’ဟု UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DNP) ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုင်းထူးက ပြောသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ကို အစိုးရစေ့စပ်ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီနှင့် DPN တို့ ဇွန်လ ၃ ရက်က ချင်းမိုင်၌ တွေ့ဆုံစဉ် အစိုးရကိုယ်စားလှယ်အဖွဲ့အား တိုင်းရင်းသားခေါင်းဆောင်များဘက်က ပြောပြခဲ့သည်။

‘‘ကျွန်တော်တို့ သိသလောက်ကတော့ အခုရက်ပိုင်းအတွင်းမှာ တိုင်းရင်းသားလက်မှတ်ထိုးတဲ့သူနဲ့၊ မထိုးတဲ့သူနဲ့ တွေ့ဖို့ရှိတယ်လို့ အဲဒီလိုပဲ နားလည်တယ်။ အဲဒါပြီး ရင်တော့ ကျွန်တော်တို့နဲ့လည်း လလယ်ပိုင်းလောက်မှာ ထပ်တွေ့ဖို့ရှိတယ်’’ ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁ ရာစုပင်လုံ) အကြိုပြင် ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

တိုင်းရင်းသားများ၏အသံ တစ်သံတည်းထွက်ရန်၊ ဆက်လက်၍ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အတူတကွသွားနိုင်ရန် ညှိနှိုင်းကြမည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်၌ ပြုလုပ် ခဲ့သော UNFC ဗဟိုအလုပ်အမှုဆောင် တိုးချဲ့အစည်းအဝေး အပြီးတွင် UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)က သတင်းထောက်များအား ပြောကြားသည်။

ကနဦး လျာထားချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကို ကချင်ပြည်နယ်ရှိ မိုင်ဂျာယန်တွင် ပြုလုပ်မည်ဖြစ်သည်။ သို့သော် အတိအကျ သင့်တော်မည့်နေရာကို ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

7 Day Daily


Leave a Reply