မြန်မာနိုင်ငံတွင် အဓိက လုပ်ဆောင်သင့်သည့် အချက် ၉ ချက်ကို ၂ဝ၁၆ အာဆီယံ ထုတ်ပြန်ချက်တွင် ထည့်သွင်းမည်
အရှေ့တီမောနိုင်ငံတွင် သြဂုတ်လအတွင်း ကျင်းပမည့် ၂ဝ၁၆ အာဆီယံဖိုရမ်တွင် မြန်မာနိုင်ငံ၌ အဓိကလုပ်ဆောင်ရမည့်အချက် ကိုးချက်ကို ထည့်သွင်း ထုတ်ပြန်နိုင်ရန် တင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အာဆီယံ ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်း အလုပ်ရုံအဖွဲ့ထံမှ သိရသည်။
“အခုတက်လာတဲ့ အရပ်ဘက်လူ့အဖွဲ့စည်းရဲ့ တင်ပြချက်၊ ပြဿနာတွေ၊ အကြောင်းအရာတွေကို ၂ဝ၁၆ အာဆီယံထုတ်ပြန်ချက်မှာ တင်သွင်းမှာဖြစ်တယ်”ဟု မြန်မာ နိုင်ငံဆိုင်ရာ အရပ်ဖက် လူ့အဖွဲ့အစည်း အလုပ်ရုံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေသျှီသျှိုက ဆိုသည်။
မြန်မာနိုင်ငံတွင် အဓိကလုပ်ဆောင်ရမည့် အချက်ကိုးချက်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်တားဆီးရေးတွင် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများအတူ ပူးပေါင်း ဆောင်ရွက်ရန်၊ ကလေးသူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုကို အာဆီယံ အစိုးရများက ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးရေး စံပြုပုံစံ မညီမျှသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ သဘောတူညီချက်များကို စနစ်တကျ အဆိုပြု ထိန်းသိမ်းဆောင်ရွက်ရန်စသည့်အချက်များ ပါဝင်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စား လှယ်များ၏ သဘောထားထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ ၅ ရက်က YMCA တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ အရပ်ဘက် အဖွဲ့အစည်းများ၏ သဘောထား ထုတ်ပြန်ကြေညာချက် ဆွေးနွေးပွဲ၌ အထက်ပါ အကြောင်း အရာများကို အလုပ်ရုံအဖွဲ့ ဥက္ကဋ္ဌက ပြောကြားခြင်းဖြစ်သည်။
“လက်ရှိ မြန်မာနိုင်ငံမှာ လယ်ယာမြေ ပြဿနာ၊ လူကုန်ကူးမှု ပြဿနာ နဲ့ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ရင်ဆိုင် နေရတာကို တွေ့ရတယ်။ မူးယစ်မှုမှာ ကလေးသူငယ်တွေ ကော်ရှူနေတဲ့ ကိစ္စတွေကအစ ဖြစ်ပွားမှုများ နေတယ်” ဟု ဒေါ်မေသျှီသျှိုက ဆိုသည်။
အဆိုပါပွဲသို့ တိုင်းနှင့်ပြည်နယ်အလိုက် အရပ်ဘက် လူ့အဖွဲ့အစည်း ၁၈ ဖွဲ့က ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းရှိ အရပ်ဖက် လူ့အဖွဲ့အစည်း ၁၅ ဖွဲ့ခန့် တက်ရောက် ဆွေးနွေးခဲ့သည်။
“အာဆီယံအဖွဲ့မှာ ထုတ်ပြန်ပေမယ့် တစ်ခါတစ်လေ ကိုယ့်ရဲ့ သက်ဆိုင်ရာအာဏာပိုင်တွေက လုပ်တော့လုပ် တယ်။ လိုချင်တဲ့အတိုင်းအတာကို မရောက်ဘူး။ ဒါမျိုးကို ထပ်ပြီးတွန်းအားပေးသင့်တယ်။ ဒီမိုကရေစီလမ်းကြောင်း လျှောက်နေချိန်မှာ ပိုထိရောက်ဖို့ မျှော်လင့်ပါတယ်”ဟု ဒေါ်မေသျှီသျှိုက အကြုံပြုဆိုသည်။
ထိပ်သီးနိုင်ငံတော်အကြီးအကဲတွေက ၎င်းတို့နှင့် လက်တွဲလုပ်ဆောင်ရန် ပြောဆိုထားသော်လည်း အရပ်ဘက် လူ့အဖွဲ့အစည်းများကို လမ်းဖွင့်ပေးရန် လိုအပ်နေပြီး ယင်းသို့လမ်းဖွင့်ပေးပါက လက်တွဲလုပ်ဆောင်ရန် အဆင် သင့်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
The Voice Weekly