အိုဘားမားဦးဆောင်သည့် နိုင်ငံတကာပုဂ္ဂိုလ်များ မိုဟာမက်အလီကို ဂုဏ်ပြု

1446

အကျော်ဇေယျ လက်ဝှေ့သမားကြီး မိုဟာမက်အလီကို ၎င်း၏ မွေးရပ်မြို့ လူးဝစ်ဗီလ်တွင် နောက်ဆုံးနုတ်ဆက်ရန် ပြင်ဆင် နေကြစဉ် ၎င်းကို အမေရိကန် သမ္မတ ဘားရက်အိုဘားမားဦးဆောင်သည့် ကမ္ဘာတစ်ဝန်းမှ ထင်ရှားသော ပုဂ္ဂိုလ်များက ဂုဏ်ပြုခဲ့ကြသည်။

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆု သုံးကြိမ်ရရှိပြီး အားကစားလောကထက် ကျော်လွန်၍ ထင်ရှားခဲ့သည့် ပြည်သူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အလီသည် ဗဟိုအာရုံကြောစနစ် ချို့ယွင်းမှုရောဂါကို ကြာမြင့်စွာ ခံစားခဲ့ရပြီး အသက် (၇၄) နှစ်အရွယ်၌ သောကြာနေ့က ကွယ်လွန်သွားခဲ့သည်။

၎င်း၏ လက်သီးထိုးချက်များကဲ့သို့ ပြင်းထန်သည့် ကာရန်ညီသော စကားများကို မကြာခဏ ပြောကြားလေ့ရှိသော လက်ဝှေ့ကျော် မိုဟာမက်အလီသည် ယခု သီတင်းပတ်စောစောပိုင်းက အသက်ရှူလမ်းကြောင်း ပြဿနာများဖြင့် အာရီဇိုးနားပြည်နယ် ဆေးရုံတစ်ခုသို့ တက်ရောက်ဆေးကုသခဲ့ရသည်။

လက်ဝှေ့လောကတွင် နှစ် ၃၀ ကြာ ကျင်လည်ခဲ့သည့် ကမ္ဘာ့အကြီးကျယ်ဆုံး လက်ဝှေ့သမား အလီကို နိုင်ငံရေး ခေါင်းဆောင်များမှနေ၍ အားကစားလောကမှ ထင်ရှားသူများ၊ ဟောလိဝုဒ်မှ ထင်ရှားသူများအထိ တစ်ကမ္ဘာ လုံးက ဂုဏ်ပြုခဲ့ကြသည်။

အသုဘအခမ်းအနား အစီအစဉ်များကို စနေနေ့တွင် ကြေညာမည်ဖြစ်ပြီး အလီကို လူးဝစ်ဗီလ်မြို့တွင် မြှုပ်နှံမည် ဖြစ်သည်။

စနေနေ့နံနက်က ၎င်းကို ဂုဏ်ပြုသည့်အနေဖြင့် ယင်းမြို့တွင် အလံများကို ထက်ဝက်အထိ နှိမ့်ချထားခဲ့သည်။

မိုဟာမက်အလီသည် ခက်ခဲသောအချိန်တွင် ဟားမားရပ်ခဲ့ပြီး အခြားလူများ ထုတ်ဖော်ပြောဆိုခြင်းမရှိချိန်တွင် ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်သည်ဟု အမေရိကန်သမ္မတ အိုဘားမားက ချီးကျူးပြောကြားသည်။ အလီသည် အိမ်ထောင်လေးဆက်ကျခဲ့ပြီး သမီးခုနစ်ဦးနှင့် သားနှစ်ဦး ထွန်းကားခဲ့သည်။

 

-Ref: AFP


Leave a Reply