ပုဂံမြို့ရှိ ရှေးဟောင်းအမွေအနှစ်များ ဆက်လက်ပျက်စီးမှုမရှိအောင် အဖိုးထက် မျိုးဆက်တို့ရဲ့ပုဂံ ကမ်းပိန်းကို ဇွန်လပထမအပတ်တွင် ပြုလုပ်မည်

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်း အမွေအနှစ်များ ဆက်လက်ပျက်စီးမှု မရှိအောင် ပုဂံကို တန်ဖိုးထား ချစ်မြတ်နိုးသူများက အဖိုးထက် မျိုးဆက်တို့ရဲ့ ပုဂံ ကမ်းပိန်းကို ဇွန်လ ပထမအပတ်တွင် စတင်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

” ရှေးဟောင်းနယ်မြေထဲမှာ ခေတ်သစ်အဆောက်အအုံတွေ တစ်နေ့ထက် တစ်နေ့ အခိုင်အမာ ပေါ်ထွက် လာတာ က ရှေးဟောင်းအမွေအနှစ်တွေ ပုဂံပုံရိပ်တွေကို ထိခိုက်စေပါတယ်၊ ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ပေ မယ် သေချာမလုပ်တဲ့ အတွက် နှစ်တိုင်း ရှေးဟောင်းအဆောက်အအုံတွေ ပြိုကျတာတွေ ဖြစ်တယ်၊ ဒီထက် အခြေအနေပိုမဆိုးအောင် သမ္မတကြီး ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် နှင့် ပြည်သူတွေ သိအောင် ကမ်းပိန်းပြုလုပ်တာပါ ” ဟု အဖိုးထက် မျိုးဆက်တို့ရဲ့ ပုဂံ အစီအစဉ်ဆောင် ရွက်သူတစ်ဦးဖြစ်သည့် ပုဂံညောင်ဦး မြို့ခံ ကိုမျိုးဆက်စံက ပြောသည်။

အဖိုးထက် မျိုးဆက်တို့ရဲ့ ပုဂံ အစီအစဉ်တွင် (၁) ပုဂံညောင်ဦး ရှေးဟောင်းအမွေအနှစ် နယ်မြေအတွင်းမှာ ဥပဒေနှင့်မညီညွတ်သော ခေတ်သစ်အဆောက်အအုံများ နှင့် ခြံခတ် သိမ်းပိုက်ထားသော မြေနေရာများအား ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးရေး။ (၂) တားဆီးပိတ်ပင်ခံထားရသော ဒေသခံများ၏ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများအား ဥပဒေနဲ့အညီ အမြန်ဆုံး ဆောင်ရွက်ပေးရေး။ (၃) ဒေသတွင်း ရှေးဟောင်းအမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကျွမ်းကျင်ပညာရှင်များဖြင့်သာ ပြုပြင်ထိန်းသိမ်းပေးရန် နှင့် ဒေသခံအဖွဲ့အစည်းများ နှင့် အရပ်ဖက်အဖွဲ့အစည်းများအား ပြုပြင်ထိန်းသိမ်းမှုများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ချပြရေး။ (၄) ရှေးဟောင်းအမွေအနှစ် နယ်မြေအတွင်းမှာ ကျူးကျော်ချဲထွင်ထားသော အများပိုင်လမ်း၊ အများပိုင်းလမ်းနယ်၊ လယ်ယာမြေများအား ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်ပေးရေး။ (၅) ဧရာဝတီမြစ်ကမ်းဘေး တားဖိုကျူးကျော် ဘောင်ခတ်ထားသော နေရာများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရေး စသော အချက်(၅)ချက်ကို တောင်းဆိုသွားမည်ဖြစ်သည်။

” အချက်(၅)ချက်ကို အရင်ဖတ်ခိုင်းပြီး ထောက်ခံရင် လက်မှတ်ထိုး တောင်းဆိုပေးဖို့ ပြုလုပ်သွားမှာပါ၊ လက်မှတ် ဘယ်လောက်ထိ ရအောင် လုပ်မယ်ဆိုတဲ့ အစီအစဉ်မရှိပါဘူး၊ မြို့ခံလူထု နှင့် လာရောက်လည်ပတ်တဲ့ ပြည်သူတွေ ထောက်ခံချက်အတိုင်း တင်ပြသွားမှာပါ၊ ကမ်းပိန်းကို တစ်လ (သို့) (၄၅)ရက်ကြာ ပြုလုပ်သွားမှာပါ ” ဟု အဖိုးထက် မျိုးဆက်တို့ရဲ့ ပုဂံ အစီအစဉ်ေ ဆာင်ရွက်သူတစ်ဦးဖြစ်သည့် ပုဂံညောင်ဦး မြို့ခံ ကိုမျိုးဆက်စံက ပြောသည်။

” ဒေါ်အောင်ဆန်းစုကြည် အကြံပေးနေတဲ့ သမ္မတ ဦးထင်ကျော် အစိုးရကို ဆန့်ကျင်မှာ မဟုတ်သလို ဖိအား ပေးနေမှာ မဟုတ်ပါဘူး၊ မိဘတစ်ယောက်ကို သားသမီးတစ်ယောက်က ကျွန်တော်တို့ဆီမှာ ဒီလိုကိစ္စတွေ ဖြစ်နေပါတယ်၊ လာရောက်စိစစ်ဆောင်ရွက်ပေးပါဆိုတဲ့ သဘောနဲ့ မီးမောင်းထိုး တောင်းဆိုတဲ့ သဘောပါပဲ ” ဟု အဖိုးထက် မျိုးဆက်တို့ရဲ့ ပုဂံအစီအစဉ်တွင် ပါဝင်သူတစ်ဦးက ပြောသည်။

ပုဂံညောင်ဦးတွင် (၁၉၇၅)ခုနှစ်က ငလျင်ဒဏ်ကြောင့် ရှေးဟောင်း အဆောက်အအုံ ပြိုကျပျက်စီးမှုများ ရှိခဲ့ရာ ယနေ့ထိ ထိရောက်စွာ ပြုပြင်ထိန်းသိမ်းခဲ့ခြင်း မရှိခြင်းကြောင့် ပြိုကျပျက်စီးမှုများ ဆက် လက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

” ၁၉၉၈ခုနှစ် ရှေးဟောင်းဥပဒေက ပြည်သူအသံမပါပဲ ရေးဆွဲခဲ့တာကြောင့် အခုလို ပြဿ နာတွေ ဖြစ်နေတာပါ၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ၀န်ကြီး နဲ့ တွေ့ ဆုံပြီး စကားပြေားထားပါတယ်၊ ဒီဥပဒေကို ခေတ်နဲ့အ ညီဖြစ်အောင် ပြည်သူ အသံပါအောင် ပြန်ပြင်ရေးဆွဲဖို့ စာထုတ် ထားပြီးဖြစ် ပါတယ်၊ ပြည်သူအသံကို နားထောင်ပြီး တင်ပြပေးရမှာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်ဖြစ်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ပုဂံညောင်ဦးရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန် အဖိုးထက် မျိုးဆက်တို့ရဲ့ ပုဂံ အစီအစဉ်ကို (၂၀၁၆)ခုနှစ် ဇွန်လ ပထမအပတ်တွင် စတင်မည်ဖြစ်ပြီး ဇူလိုင်လတွင် ကောက်ခံရရှိသော လက်မှတ်များကို သက်ဆိုင်ရာဌာနများ သာမက နိုင်ငံတော်အကြံပေးရုံး နှင့် နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။


Democracytoday


Leave a Reply