လုပ်သက်ပင်စင်ယူခွင့်အပါအဝင် နိုင်ငံ့ဝန်ထမ်းများ၏ ခွင့်ခံစားခွင့်များ ပြင်ဆင်ဖြေလျှော့ရေး ပြည်ထောင်စုရာထူးဝန် အဖွဲ့စီစဉ်

လုပ်သက်နှစ် ၃၀ ပြည့်သော်လည်း နှစ်ပြည့်ပင်စင်ယူခွင့်မရသည့် ကန့်သတ်ချက်ပယ်ဖျက်မည့်အချက် အပါအဝင် နိုင်ငံ့ဝန်ထမ်းများ၏ ခွင့်ခံစားခွင့်နှင့် လုပ်သက် ပင်စင်သတ်မှတ်ချက်များ ပြောင်းလဲခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သတင်းရရှိသည်။

အစိုးရသစ်၏ ရက်ပေါင်း တစ်ရာအစီအစဉ်တွင် ပြည်ထောင်စုရာထူးဝန်ရုံးက ခွင့်ခံစားခွင့်များ၊ လုပ်သက်ပင်စင်များနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် မည်ဖြစ်ပြီး ပြောင်းလဲသည့်ခံစားခွင့်များကို ပြည်ထောင်စုအစိုးရ အသိ အမှတ်ပြုပြီးပါက ယခုနှစ်အတွင်း စတင်ကျင့်သုံးမည် ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆၂ တွင်ပါရှိသည့် အသက် (၅၅) နှစ်ပြည့်ပြီးသော ဝန်ထမ်းကိုသာလျှင် လုပ်သက်နှစ် ၃၀ ပြည့် ပင် စင်ခံစားခွင့်ပေးသည့် ကန့်သတ် ထားချက် ပယ်ဖျက်မည်ဖြစ်သောကြောင့် လုပ်သက်နှစ် ၃၀ ပြည့် သည့် ဝန်ထမ်းတိုင်း နှစ်ပြည့်ပင်စင် ခံစားခွင့်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ လက်ထောက်အတွင်းဝန် ဦးမြင့်ဆွေက ပြောသည်။

‘‘ကျွန်တော် ပြည်ထောင်စု အစိုးရကိုတင်ပြဖို့ လုပ်နေပါတယ်။ အလျင်အမြန်ပဲ ကျင့်သုံးဖို့ လိုနေပါ တယ်’’ ဟု ဦးမြင့်ဆွေက ပြောသည်။

ထို့အပြင် တစ်နှစ်လျှင် ဝန်ထမ်းများ လုပ်သက်ခွင့်အများဆုံး တစ်လသာ စုပေါင်းခွင့်ရရှိပြီး အဆိုပါခွင့်မယူပါက အလိုအလျောက် ပျက်ပြယ်သည့်စနစ်ကိုပယ်ဖျက်၍ လုပ်သက်ခွင့်အများဆုံး နှစ်လ စုဆောင်းခွင့်တိုးပေးကာ နှစ်ကုန် တွင် အဆိုပါခွင့်ကို မခံစားပါက နောက်နှစ်၌ ခွင့်ခံစားပိုင်ခွင့်ကို  အစားထိုးပြင်ဆင်မည်ဖြစ်သည်။

ယခင်က အမျိုးသမီးဝန်ထမ်းဖြစ်မှသာ အမျိုးသားဝန်ထမ်းများအား မီးဖွားခွင့်နှစ်ပတ် ခွင့်ပေးထားသော်လည်း အသစ် ပြောင်းလဲလိုက်သည့်စနစ်သစ်အရ အမျိုးသမီးဝန်ထမ်းဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်မသက်ဆိုင်ဘဲ အမျိုးသားဝန်ထမ်းတိုင်း မီးဖွားသူအမျိုးသမီးအား စောင့်ရှောက်ခွင့်အတွက် ခွင့်နှစ်ပတ် ရရှိမည်ဖြစ်သည်။

‘‘အရင်က အမျိုးသမီးကဝန်ထမ်းဖြစ်မှ ခွင့်နှစ်ပတ်ရတာ။ အခုက အမျိုးသမီးဝန်ထမ်းမဖြစ်ပေမယ့် လည်း အမျိုးသား ဝန်ထမ်းတိုင်း မီးဖွားခွင့်နှစ်ပတ်ရတော့မယ်’’ ဟု ဦးမြင့်ဆွေက ပြောကြားသည်။

ဗြိတိသျှကိုလိုနီခေတ်တွင် နိုင်ငံ့ဝန်ထမ်းများ ရာထူးရွေးချယ်ရေးနှင့်ပတ်သက်၍ အစိုးရအဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့သည် ၁၉၆၂ တော်လှန်ရေးအစိုးရ တက်လာသောအခါ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာနအောက်၌ ထားရှိခဲ့သည်။

နိုင်ငံတော်ကောင်စီခေတ်တွင် ဝန်ထမ်းရွေးချယ်ရေးဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းပြီးနောက် ဝန်ထမ်းရွေးချယ်ရေးနှင့် ပတ်သက်သည့်အဖွဲ့များကို ပြည်ထဲရေးဝန်ကြီးဌာနမှ ခွဲထုတ်ကာ နိုင်ငံတော်ကောင်စီ က တိုက်ရိုက်စီမံခန့်ခွဲခဲ့သည်။ ယခုအစိုးရလက်ထက်တွင် အဆိုပါအဖွဲ့ကို ပြည်ထောင်စုရာထူးဝန် အဖွဲ့ဟု ခေါ်သည်။

7 Day Daily


Leave a Reply