ဂျာမနီနိုင်ငံရောက်ဒုက္ခသည်များ ဂျာမန်ဘာသာသင်ယူရန် ဥပဒေတစ်ရပ်ပြဋ္ဌာန်းမည်
ဂျာမနီနိုင်ငံတွင် ရောက်ရှိနေကြသော စစ်ဘေးရှောင်ဒုက္ခသည်များအနေဖြင့် နိုင်ငံအတွင်း အလုပ် အကိုင်ရှာဖွေရာတွင် လွယ်ကူစေရန်နှင့် ဂျာမနီလူမှုအဖွဲ့အစည်း များနှင့် ဝင်ဆံ့နိုင်စေရန် ရည်ရွယ်သည့်အနေဖြင့် ဂျာမနီအစိုးရက ၎င်းတို့အား ဂျာမန်ဘာသာစကား သင်ယူနိုင်ရေး ဥပဒေတစ်ရပ် ထုတ်ပြန်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ဂျာမန်အစိုးရအဖွဲ့က အဆိုပါဥပဒေတစ်ရပ်ကို မေလ (၂၅) ရက်တွင် အတည်ပြုခဲ့သည်။
အဆိုပါဥပဒေကြမ်းကို ပါလီမန်သို့တင်သွင်းမည်ဖြစ်ပြီး ဇူလိုင်လအစောပိုင်းတွင် ပါလီမန်က အတည်ပြုပြဋ္ဌာန်းနိုင်မည်ဟု မျှော်လင့်ရသည်။
အဆိုပါဥပဒေသည် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အလုပ်အကိုင်ရှာဖွေရာတွင် များစွာ အထောက်အကူပြုသည့်အပြင် လုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်ကြား ပေးရေးအတွက်ပါ ပိုမိုအဆင်ပြေ စေနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး Thomas de Mazière က ဆိုသည်။
ထိုသို့ ဂျာမန်ဘာသာသင်ယူရာတွင် ဒုက္ခသည်များအနေဖြင့် ဂျာမနီနိုင်ငံ၏ ယဉ်ကျေးမှု၊ လုပ်ရိုးလုပ်စဉ်များနှင့် ပတ်သက်သည့် သင်ခန်းစာများကိုလည်း လေ့လာ သင်ယူရမည်ဖြစ်သည်။
ဒုက္ခသည်များ ဂျာမန်ဘာသာသင်ယူခြင်းကြောင့် ဂျာမန်ပြည်သူများနှင့် ဒုက္ခသည်များအကြား အခက်အခဲမရှိ ပေါင်းသင်းဆက်ဆံနိုင်မည် ဖြစ်သည်ဟု ပြည်ထဲရေး ဝန်ကြီးက ဆိုသည်။
လွန်ခဲ့သောနှစ်က ဂျာမနီနိုင်ငံသို့ စစ်ဘေးရှောင်ဒုက္ခသည် တစ်သန်းကျော်ဝင်ရောက်ခဲ့သည်။ ထိုသို့ စစ်ဘေးရှောင်ဒုက္ခသည်အများအပြား ဝင်ရောက်လာ မှုကြောင့် နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပွားနိုင်ခြေရှိသည်ဟု အချို့ဂျာမန်ပြည်သူများက စိုးရိမ်လျက်ရှိကြသည်။
ယခုပြဋ္ဌာန်းမည့်ဥပဒေ၏အကျိုးသက်ရောက်မှုကြောင့် အဆိုပါစိုးရိမ်မှုများကို လျှော့ချနိုင်မည်ဟု မျှော်လင့်ရသည်။
The Mirror Daily