အင်ဒိုတွင် သက်ငယ်မုဒိမ်းမှုအတွက် အမြင့်ဆုံး သေဒဏ်ထိ စီရင်နိုင်မည့် ဥပဒေသစ်ကို အတည်ပြု

ကလေးသူငယ် မုဒိမ်းမှုများနှင့် ပတ်သက်၍ ပြစ်ဒဏ်စီရင်မှုများကို အင်ဒိုတွင် ပိုမိုပြင်းထန်ထိရောက်အောင် ပြောင်းလဲခဲ့ရာ သေဒဏ် စီရင်မှု၊ ဓာတုနည်းဖြင့် သင်းကွပ်မှုတို့ ပါဝင်လာသည်။ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှု အပါအဝင် အရွယ်မရောက်သေးသူများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မြင့်တက်လာသည့်နောက် ယခုလို ပြစ်ဒဏ်တိုးမြှင့်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အင်ဒိုသမ္မတ ယိုကိုဝီဒိုဒိုက “ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့ အခြေအနေဆိုးတွေကို ကျော်လွှားနိုင်ဖို့ အခုဥပဒေသစ်က အထောက်အကူဖြစ်စေပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။ ယခင်က ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် (၁၄)နှစ်သာ ဖြစ်သည်။

ဥပဒေသစ်အရ သက်ငယ်မုဒိမ်းမှုနှင့် ဆက်စပ်၍ ထောင်ကျဖူးသူများသည် ထောင်မှလွတ်သည်နှင့် အီလက် ထရောနစ်နေရာပြကိရိယာများကို တောက်လျှောက် ဝတ်ဆင်ထားရတော့မည်ဟုလည်း သိရသည်။

မကြာသေးမီက ယူယန်အမည်ရှိ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကျောင်းမှအိမ်သို့ အပြန်တွင် အုပ်စုဖွဲ့မုဒိမ်းကျင့်ခံခဲ့ရသည်။ ယခုလအတွင်း အသက် ၁၈ နှစ်အရွယ် စက်ရုံ အလုပ်သမလေး တစ်ဦးလည်း မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီးနောက် ယင်းအခြေအနေအပေါ် ပြည်သူများက ဒေါသတကြီး ဝေဖန် တုံ့ပြန်မှုများ ရှိလာသည်။

သဘောဆန္ဒ ကောက်ခံမှုများ၊ အွန်လိုင်းစစ်တမ်းများတွင်လည်း သက်ငယ်မုဒိမ်းမှုများကို သေဒဏ်ချမှတ်ရန် လိုလားတိုက်တွန်းမှုများ မြင့်တက်လာခဲ့ပြီး ဓာတုဗေဒနည်းဖြင့် သင်းကွပ်သည့် စီရင်ချက်မျိုးကိုလည်း တောင်းဆိုခဲ့ကြသည်။ လူ့အခွင့်အရေး အဖွဲ့အစည်းအချို့ကမူ ယခုကဲ့သို့ ပြစ်ဒဏ်တိုးမြှင့်လိုက်မှုအတွက် စိုးရိမ်စရာ အခြေအနေများ ရှိနိုင်ကြောင်း ဆိုသည်။

“အကြမ်းဖက်တဲ့ပြစ်မှုကို အကြမ်းနည်းစီရင်ချက်နဲ့ ရပ်တန့်လို့မရနိုင်ပါဘူး”ဟု အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဆန်ဒရာ မိုနီယာဂါက ဆိုသည်။ ထို့အပြင် ဓာတုနည်းဖြင့် သင်းကွပ်သည့် စီရင်ချက်မျိုးသည် မှန်ကန်သည့် အရေးယူမှု ဖြစ်နို မဖြစ်နိုင် အငြင်းပွားမှုများလည်း ရှိနေသည်။ “သင်းကွပ်တဲ့ နည်းလမ်းဟာ လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒကို ချိုးနှိမ်တဲ့ အခြေအနေပဲ ဖြစ်နိုင်တယ်။ အကြမ်းဖက်ချင်သူ အကြမ်းဖက်မှာပဲ။ အစိုးရက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အကြမ်းဖက်မှု ပုံစံတစ်မျိုး အနေနဲ့ ချဉ်းကပ်မှု မရှိတာ သိသာတယ”ဟု အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး အမျိုးသား ကော်မရှင်မှ မာရီယာနာ အေမင်နူဒင်က မှတ်ချက်ပြုသွားသည်။ (7 Day Daily)


Leave a Reply