လွှတ်တော်သက်တမ်း နောက်ဆုံးနှစ်၏ ပထမသုံးလအတွင်း ကြားဖြတ်ရွေးကောက်ပွဲ လုပ်သင့်ကြောင်း ရခိုင်အမတ်တင်ပြ

လွှတ်တော်သက်တမ်းနောက်ဆုံးနှစ်၏ ပထမသုံးလအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ် သင့်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က လွှတ်တော်သို့ တင်ပြသည်။

မေလ ၂၅ ရက်တွင် ပြုလုပ်သော အမျိုးသားလွှတ်တော်၌ ရွေးကောက်ပွဲဥပဒေများကို စတုတ္ထ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများ ဆွေးနွေးရာတွင် ၎င်းက ထည့်သွင်းတင်ပြခြင်းဖြစ်သည်။

‘‘ပဉ္စမနှစ် လွှတ်တော်သက်တမ်းရဲ့ ပထမသုံးလပိုင်းမှာ ရွေးကောက်ပွဲ လုပ်သင့်တယ်ဆိုပြီးတော့ ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ ဆွေးနွေးအပ်ပါတယ်’’ ဟု ဦးခင်မောင်လတ်က ပြောကြားသည်။ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များအတွက် ရည်ရွယ်ပြီး ၎င်းက တင်ပြခြင်းဖြစ်သည်။

‘‘နောက်ဆုံးနှစ်က အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်နောက်ဆုံးနှစ်တွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေရှိခဲ့ပါတယ်’’ဟု ဦးခင်မောင်လတ်က ပြောသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေကြောင်း လွှတ်တော်သက်တမ်း ပထမနှစ်အတွင်း လွှတ်တော်ဥက္ကဋ္ဌက အကြောင်းကြားလျှင် ကြားဖြတ်ရွေးကောက်ပွဲကို တစ်နှစ်အတွင်း ကျင်းပပေးရ မည်ဟူသော အချက်သည် ကော်မရှင်အတွက် အချိန်အခက်အခဲရှိနိုင်ကြောင်း ၎င်းက ဆွေးနွေးသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေး ကောက်ပွဲ ဥပဒေများ စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများကို ၎င်းတစ်ဦးတည်းသာ ဆွေးနွေးသူရှိသည်။ ဦးခင်မောင်လတ်၏ ဆွေးနွေးချက်နှင့်ပတ်သက်၍ ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့သည်။

အဆိုပါဥပဒေကြမ်းများတွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သော ပြဋ္ဌာန်းချက်များ ပြင်ဆင်ထားသည်။ ကြားဖြတ်ရွေးကောက်ပွဲများကို လွှတ်တော်သက်တမ်း၏ ပထမနှစ်နှင့် ပဉ္စမနှစ်များတွင် မကျင်းပရဘဲ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်တို့တွင်သာ ကျင်းပပေးရမည်ဟု ပြင်ဆင် ထားခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများ စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းများကို မေလ ၁၁ ရက်က ပြည်သူ့လွှတ်တော်၌ အတည်ပြုခဲ့သည်။ အဆိုပါ အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော်က ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်းကော်မတီက တင်ပြထားသည်။

7 Day Daily


Leave a Reply