တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထိုင်းသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ထိုင်းဝန်ကြီး ချုပ်နှင့် ထိုင်းတပ်မတော်အကြီး အကဲများကို တွေ့ဆုံရန် မေလ ၂၅ ရက်မှစ၍ ထိုင်းနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်နေသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ထုတ်ပြန်ချက်၌ တပ် ချုပ်ဦးဆောင်သော တပ်မတော် ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira ၏ဖိတ်ကြား ချက်အရ သွားရောက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအစိုးရနှင့် ထိုင်းဘုရင့် တပ်မတော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဟု ဖော်ပြထားသည်။
ထိုင်းတပ်မတော်အနေဖြင့် ပြည်သူပြည်သားများ၏ အသက် အိုးအိမ်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခဲ့သည်မှာ ရပ်တည်ချက်မှန်ကန်သည်ဟု မိမိအနေဖြင့် ပြောလိုပါကြောင်း၊ မိမိတို့အနေဖြင့်လည်းထိုင်းနိုင်ငံအစိုးရ၊ ထိုင်းတပ်မ တော်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထိုင်းဘုရင့်တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် ပြောကြားသည်ဟု တပ်ချုပ်ရုံးက မေလ ၂၅ ရက်ညက ထုတ်ပြန်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များရှိသည့်အတွက် စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်း၊ သံတမန် ရေးနည်းလမ်းများဖြင့် ဆောင် ရွက်လျက်ရှိသည်ဟု မြန်မာ တပ်ချုပ်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအစိုးရနှင့် တပ်မတော်အနေဖြင့် မြန်မာ၏တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် အကူအညီများပေးခဲ့ကြောင်း၊ ၂၀၁၅ အောက်တို ဘာတွင် NCA လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးခဲ့သည်ကိုလည်းများစွာ ကျေးဇူးတင်ရှိကြောင်း တပ်ချုပ်ကပြောသည်ဟု သတင်းထုတ်ပြန် ချက် ၌ ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် မေ ၂၆ ရက်တွင် ထိုင်းအာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနှင့် ဒုဝန်ကြီးချုပ် တာနာဆက်ခ် ပတ္တိမာပရာဂွန်တို့ကို တွေ့ဆုံမည် ဖြစ်သည်။ ၂၀၁၄ မေလ ၂၂ ရက်က ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာ သိမ်းမှု ဖြစ်ပွားခဲ့သည်။ ၂၀၁၄ မေလ မတိုင်မီကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း (လက်ရှိထိုင်းဒုဝန်ကြီးချုပ်)တာနာ ဆက်ခ်ပတ္တိမာပရာဂွန်နှင့် ထိုစဉ်က ထိုင်းတပ်မတော်အကြီးအကဲ (လက်ရှိထိုင်းဝန်ကြီးချုပ်) ဗိုလ်ချုပ်ကြီး ပရာ ယွတ်ချန် အိုချာတို့ထံ အလည်အပတ်သွားရောက်ခဲ့ဖူးသည်။
စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက် နှစ်လမပြည့်မီမှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပရာယွတ်ထံ ထပ်မံ အလည်အပတ် သွားရောက် တွေ့ဆုံပြီး ထိုင်းနိုင်ငံ ၏ပြဿနာများကို ဖြေရှင်းရန် ဝင်ရောက်ထိန်းသိမ်းလိုက်သော ထိုင်းစစ်တပ်၏အခန်းကဏ္ဍကို ချီးမွမ်းကြောင်း၊ ထောက်ခံကြောင်း ဖော်ပြခဲ့သည်။ ထိုခရီးစဉ်အတွင်း မြန်မာတပ်ချုပ်သည် ထိုင်းဘုရင့်အတိုင် ပင်ခံကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ်တင်ဆုလာနွန်ဒါကို နှုတ်ဆက်တွေ့ဆုံခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဗိုလ်ချုပ်ကြီး ပရမ်၏မွေးစားသားဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြထားကြ သည်။ ဗိုလ်ချုပ်ကြီး ပရမ်၏မွေးနေ့ဖြစ်သော သြဂုတ်၂၆ ရက်တိုင်းတွင် မွေးနေ့ဆုမွန် ကောင်းတောင်းပေးရန်နှင့် လက် ဆောင်ပေးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံသို့ လာရောက်လေ့ရှိသည်ဟုလည်း ဖော်ပြကြသည်။ ယခုခရီးစဉ်တွင်မူ ဗိုလ်ချုပ်ကြီး ပရမ်နှင့် တွေ့ဆုံရန် ရှိ၊ မရှိ တရားဝင် မထုတ်ပြန်သေးပေ။
‘‘သူ့ရဲ့ ခရီးစဉ်ဟာ ကျွန် တော်တို့ရဲ့ခိုင်မာတဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆက်ဆံရေးကို ညွှန် ပြတဲ့သင်္ကေတပဲ’’ဟု ထိုင်းစစ်တပ် သတင်းရင်းမြစ်က ဘန်ကောက် ပို့စ်အား ပြောသည်။ ထိုင်း Naresuan University၏ မြန်မာရေးရာ ကျွမ်းကျင်သူ ဝီရတ်နီယွမ်တမ်ကလည်း ‘‘နိုင်ငံတော်ရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အနောက် ကမ္ဘာနဲ့ နီးကပ်ပုံပေါက်နေချိန်မှာ စစ်တပ်က အာဆီယံကစစ်တပ်တွေနဲ့ ဆက်ဆံရေးကို အားကောင်းအောင် လုပ်နေတယ်’’ဟု ပြောကြောင်း ဘန်ကောက် ပို့စ်က ဖော်ပြသည်။
အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော စစ်တပ်၏ အခန်းကဏ္ဍကို ယခုခရီးစဉ်က မီးမောင်းထိုးပြနေ သည်ဟု လေ့လာစောင့်ကြည့်သူ အချို့ကဆိုသည်။ မြန်မာနှင့်ထိုင်း သည် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် တစ်ခုဖြစ်သော နျူကလီးယား လက်နက်များ မပြန့်ပွားရေး ပဋိညာဉ် ကို လက်မှတ်မရေးထိုးသေးသည့် နိုင်ငံ နှစ်နိုင်ငံဖြစ်သည်။ မေလ ၂၂ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နေပြည်တော် သို့လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံရာတွင် နျူကလီးယားအရေး ပြောကြားခဲ့သေးသည်။ 7day dailys