ဗီဇာသက်တမ်းကုန် အာဖရိကန်ဘောလုံးသမားများအပါအ၀င် တရားမ၀င်နေထိုင်သူများကို စစ်ဆေး အရေးယူမည်ဟုဆို

13081804_1136480829709399_320826700_n

မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းများမှ သက်တမ်းကုန် ဘောလုံးသမားများအပါအ၀င် ဗီဇာ သက်တမ်းကုန်ဆုံး နေသူများကို စစ်ဆေးအရေးယူရန်ရှိပြီး စစ်ဆေးရာတွင် ခရီးသွားရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ ဘောလုံးအသင်းများတွင် ဘောလုံးကစားရန် အကြောင်းပြချက်ဖြင့် ရောက်ရှိလာပြီး အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးကာ ရက်လွန်နေထိုင်နေသည့် ပြည်ပဘောလုံးသမားများရှိနေပြီး အများစုမှာ အာဖရိကနိုင်ငံများမှ ဖြစ်ကြောင်း ဘောလုံးအသင်းများမှ စုံစမ်းသိရှိရသည်။

အာဖရိကဘောလုံးသမားအများစုသည် တရားမ၀င်နေထိုင်နေစဉ် လူမှုရေးပြဿနာများ မကြာခဏ ဖြစ်ပွားလေ့ရှိ ကြောင်း မြန်မာနေရှင်နယ်လိဂ် အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

‘‘မြန်မာနိုင်ငံမှာ ရက်လွန်နေထိုင်သူတွေကို ကျွန်တော်တို့ စိစစ်အရေးယူနေပါတယ်။ ဆက်ပြီးလည်း စိစစ်သွားမှာပါ။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ပေါ့။ တချို့တွေကျတော့လည်း ကိုယ့်နိုင်ငံကိုပြန်ဖို့ ငွေကြေး အခက်အခဲဖြစ်ကြတာတွေလည်း ရှိတယ်ပေါ့။ ဒါကိုတော့ သက်ဆိုင်ရာနိုင်ငံနဲ့ ဆက်သွယ်ပြီး ပြန်ပို့ပေး တာတွေ လုပ်ပါတယ်’’ ဟု လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

ပြီးခဲ့သော မေလ ၂၁ ရက် က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ ညလုံးပေါက်ဖွင့်လှစ်ရောင်းချသည့် စား သောက်ဆိုင်တစ်ခုသို့ အာဖရိကလူမျိုး ကိုးဦးရောက်ရှိလာပြီး ဆိုင်အတွင်းရှိ မြန်မာလူမျိုးနှစ်ဦးအား ထိုင်ခုံဖယ်မပေးသဖြင့် ဘီယာပုလင်းဖြင့် ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းတို့ထဲ၌ မြန်မာနေရှင်နယ်လိဂ် ကစားသမားဟောင်းတစ်ဦး ပါဝင်နေကြောင်း အခင်းဖြစ်ပွားရာတွင် တွေ့မြင် ခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံဘောလုံးအသင်းများတွင် စာချုပ်ဖြင့် လာရောက်ကစား နေသည့် ဘောလုံးသမားများနှင့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသော အာဖရိက ကစားသမားများ အရေအတွက်မှာ တစ်ရာခန့်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ စုံစမ်းသိရှိရသည်။

မြန်မာ နေရှင်နယ်လိဂ် ဘောလုံးအသင်းများသို့ လာရောက်ကစားလိုသည့် အာဖရိက ဘောလုံးကစား သမား များသည် အလည်အပတ်ဗီဇာများဖြင့် လာရောက်လေ့ရှိပြီး အသင်းများနှင့် ခြေစွမ်းစမ်းသပ် ကစားပြီးနောက် အဆင် ပြေပါက စာချုပ်ချုပ်ဆိုလေ့ရှိပြီး အဆင်မပြေပါက အချို့မှာ နေရပ်ပြန်မသွား ဘဲ ဗီဇာသက်တမ်းကျော်လွန် နေထိုင်လျက်ရှိကြောင်း မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းများမှ စုံစမ်းသိရှိရသည်။

အာဖရိကန် ဘောလုံးသမားများနှင့်ပတ်သက်၍ အမှုအခင်းများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၂၀၁၁ မြန်မာနေရှင်နယ် လိဂ်တွင် ခြေစွမ်းလာရောက်စမ်းသပ်ခံခဲ့သည့် အာဖရိကန်ဘောလုံးသမား တစ်ဦးသည် ဒေါ်လာအတုကိစ္စဖြင့် ဖမ်းဆီးခံခဲ့ရပြီး လမ်းမတော် တရားရုံး ရုံးတင်ချိန်၌ ရဲတပ်ဖွဲ့ကို ခုခံ ထွက်ပြေးခဲ့ဖူးသည်။

ထို့အတူ ၂၀၁၂ မြန်မာလိဂ် ဘောလုံးရာသီ မတိုင်မီ နိုင်ဂျီးရီးယား ဘောလုံးသမားသုံးဦးသည် ဧရာဝတီယူနိုက်တက် အသင်းနှင့်အတူ ခြေစွမ်းစမ်းသပ်ရန် လာရောက်ခဲ့ပြီး ၎င်းတို့၏ ခြေစွမ်းကို ကြိုက်နှစ်သက်ခြင်းမရှိသောကြောင့် ပြန်လည်စေလွှတ်ခဲ့ရာအသင်းကို ပြဿနာရှာခဲ့ဖူး ကြောင်း မီဒီယာတာဝန်ခံ ဦးအောင်ကျော်ကျော်က ပြောသည်။

7 Day Daily


Leave a Reply