“ပါတီကို ပြန်လည်ပြုပြင်ကာ လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရအောင် ကျွန်တော်တို့ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရပါမယ်”

13254479_598561530313362_2818076783190216826_n

”အကြောင်းတွေ များစွာရှိသော်လည်း အဓိက အကြောင်းကတော့ ကျွန်တော်တို့ ပါတီရဲ့ အားနည်း ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီမှာ ဗဟိုက အားနည်းချက်တွေရှိသလို အောက်ခြေ မှာလည်း အားနည်းချက်တွေ ရှိနေပါတယ်။ ဒီအားနည်းချက်တွေကို ကျွန်တော်တို့ မှန်မှန်ကန်ကန်နဲ့ ပြန်လည်ရှုမြင်သုံးသပ်ပြီး ပါတီကို ပြန်လည်ပြုပြင်ကာ လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင် ရအောင် ကျွန်တော်တို့ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရပါမယ်။

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ ယခုလို ရွေးကောက်ပွဲတွေ ပုံမှန်ရှိနေမှာဖြစ်ပါတယ်။ ပါတီတွေလည်း ယခုလိုဝင်ပြီးပြိုင်တာတွေရှိနေမှာဖြစ်သလို အရှုံးအနိုင်ဆိုတာလည်း ရှိနေမှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ရှုံးရင် နောက်တစ်ကြိမ်ပြန်နိုင်အောင် လုပ်ကြရပါမယ်။ ကျွန်တော်တို့ပါတီဟာ အစဉ်အလာရှိပါတယ်။ ကျွန်တော်တို့ပါတီကို ယုံကြည်တဲ့၊ အားကိုးတဲ့ပြည်သူတွေရှိပါတယ်။

ပါတီရှုံးနိမ့်ရတဲ့အတွက် ကျွန်တော့်မှာ တာဝန်ရှိသလို ပါတီပြန်လည်အနိုင်ရရှိအောင် ပြန်လုပ်ဖို့ အတွက်လည်း ကျွန်တော့်မှာတာဝန်ရှိတယ်လို့ ခံယူမိတဲ့အတွက် ကျွန်တော်ပါတီကိုပြန်လာတာပါ။ ကျွန်တော်တို့ပါတီအတွက်နဲ့ ကျွန်တော်တို့ရဲ့မျိုးဆက်သစ် လူတော်လူကောင်းတွေအတွက် ချန်ထား နိုင်ရစ်အောင် ပါတီကို ကူညီထိန်းကျောင်းပေးသွားဖို့အတွက်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ပါတီပြန်လည်အနိုင်ရရှိဖို့အတွက် ကျွန်တော်တို့ပါတီရဲ့ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကို ပြန်လည်ပြုပြင်ရပါမယ်။ လူတစ်ဦးချင်း၊ ပါတီဝင်တစ်ဦးချင်း ပြုပြင်ဖို့လိုအပ်သလို ဗဟိုကစပြီး အောက်ခြေအဖွဲ့အစည်းအထိ ပြုပြင်သင့်တာတွေကို ရဲရဲတင်းတင်း ပြုပြင်ကြရမှာဖြစ်ပါတယ်။


ပါတီရဲ့ချမှတ်ထားတဲ့ မူဝါဒတွေဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးအတွက် သင့်လျော်ကောင်းမွန်ပြီးဖြစ်ပါတယ်။ ဒီမူဝါဒတွေကို အကောင်အထည် ဖော်ကြတဲ့ ကျွန်တော်တို့တစ်တွေရဲ့ အားနည်းချက်တွေကြောင့် ယခုလိုရှုံးနိမ့်ခဲ့ရ ခြင်းဖြစ်ပါတယ်။ ဒါကြောင့် မူကိုအခြေခံထားပြီး လူကိုပြင်ကြဖို့ တိုက်တွန်းလိုပါတယ်။

ကိုယ့်ပါတီကို အမှန်တကယ်ချစ်မြတ်နိုးသူတွေ၊ ပါတီစည်းကမ်းကိုလိုက်နာသူတွေ၊ ပါတီလုပ်ငန်းတွေကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်သူတွေ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အခွင့် အရေးကိုမျှော်ကိုးပြီး ဘက်မပြောင်းလိုသူတွေ၊ ပါတီအပေါ် နှစ်နှစ်ကာကာ သစ္စာရှိတဲ့သူတွေကို အခြေခံထားပြီး လူဟောင်း၊ လူသစ်၊ လူကောင်း၊ လူတော်တွေနဲ့ အချိုးညီညီ ဖွဲ့စည်းဆောင်ရွက်ကြမှသာ ပါတီဟာ ဆက်လက်ရှင်သန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပါတီကြီးဖြစ်မယ်ဆိုတာ အားလုံး သဘောပေါက် လက်ခံယုံကြည်ကြမယ်လို့ မျှော်လင့်ပါတယ်။

ရွေးကောက်ပွဲကာလ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ခဲ့ရာမှာ ပါတီကိုပြန်လည် ပြင်ဆင်ဖွဲ့စည်း တည်ဆောက်ဖို့လိုကြောင်း တင်ပြခဲ့ကြပါတယ်။ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ အနေနဲ့ ပါတီကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြည်သူလက်ခံတဲ့ ပြည်သူ့ပါတီဖြစ်မှသာလျှင် ၂ဝ၂ဝ ရွေးကောက်ပွဲ အောင်နိုင်မှာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ပြည်သူကပါတီအပေါ် ‘မူ’ ကိုလည်းကြည့်သလို ‘လူ’ ကိုလည်းကြည့်မှာဖြစ်လို့ ‘မူ’ ကောင်းဖို့လိုသလို ‘လူ’ ကောင်းဖို့လည်း လိုပါတယ်။


ပါတီရဲ့ ‘မူ’ နဲ့ ‘လူ’ ကို ပြန်သုံးသပ်ကြည့်ရင် ပါတီမူဝါဒရည်မှန်းချက်ဟာ နိုင်ငံရဲ့ လက်ရှိပကတိ အခြေအနေလိုအပ်ချက်နဲ့ ကိုက်ညီမှန်ကန်ဆဲဖြစ်သလို၊ ပြည်သူရဲ့ ဆန္ဒလိုအပ်ချက်တွေနဲ့လည်း ကိုက်ညီမှန်ကန်ဆဲဖြစ်လို့ ပါတီရဲ့မူဝါဒကို ပြင်စရာမလိုဘူးလို့ ပြောလိုပါတယ်။ ပါတီရဲ့မူဝါဒ အနှစ်ချုပ်ဖြစ်တဲ့ ပါတီရဲ့ရည်မှန်းချက်က ”နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရေးနှင့် အဓွန့်ရှည်တိုးတက် တည်တံ့ခိုင်မြဲရေး” ဖြစ်ပါတယ်။

ဒီအချက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ လူမှုစီးပွားတိုးတက်ရေး၊ ဒီမိုကရေစီ ရင့်ကျက်ခိုင်မာရေး၊ နိုင်ငံအဓွန့်ရှည် တိုးတက် တည်တံ့ခိုင်မြဲရန် (တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဦးတည်သောဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရန်လိုအပ်) ဖြစ်သည်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က မေလ (၂၃) ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး အတွင်းရှိ ပါတီဝင်များအား တွေ့ဆုံစဉ် အမှာစကားပြောကြားခဲ့သည်။


Leave a Reply