ထိုင်ဝမ် သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင် ထိုင်ဝမ်နှင့်တရုတ် ပေါင်းစည်းရေး မူဝါဒကို ချန်လှပ်ခဲ့

12832441_10153222230106065_5237681737822793689_n

သမ္မတအဖြစ် ပထမဆုံး ပြောဆိုသည့် မိန့်ခွန်းတွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က တရုတ်က လိုလားသည့် တစ်ပေါင်း တစ်စည်းတည်း မူဝါဒကို ချန်လှပ် သွားခဲ့ကြောင်း သိရသည်။

ဆိုင်သည် ထိုင်ဝမ်ကို တရုတ်က နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမည်ကို မလိုအပ်သူ တစ်ဦးအဖြစ် လူသိများသည်။ ဇန်နဝါရီ ရွေးကောက်ပွဲတွင် သူမ၏ပါတီ အနိုင်ရကတည်းက တရုတ်အစိုးရက ဆိုင်ကို သံသယကြီးကြီး စောင့်ကြည့်နေခဲ့သည်။

မေ ၂၀ နံနက်ပိုင်းက ထိုင်ဝမ်၏ ပထမဆုံးသော အမျိုးသမီး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ဆိုင်က မိန့်ခွန်းပြောကြားခဲ့ရာတွင် တရုတ်နှင့် ထိုင်ဝမ် နှစ်နိုင်ငံကြား သဘောတူညီမှု၊ နားလည်မှုများကို သူမအနေဖြင့် လေးစား တန်ဖိုးထားမည်ဟု ကတိပြုခဲ့သည်။ သို့သော်လည်း ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သဘောသက်ရောက်သည့် တစ်ပေါင်းတစ်စည်းတည်း မူဝါဒကို အသိအမှတ်ပြုကြောင်း ပြောဆိုသွားမှု မရှိချေ။

ယင်းအနေအထားက တရုတ်အပေါ် ပို၍ အမျက်ထွက်စေဖွယ် ရှိသည်။ တရုတ်အစိုးရက ဆိုင် သမ္မတ မဖြစ်မီ ကတည်းက နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍတွင် ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အသိအမှတ်ပြုရန် အလွန်အရေးကြီးလိမ့်မည်ဟု သတိပေးခဲ့သည်။

ဆိုင်က သူမသည် လက်ရှိ ချုပ်ဆိုထားသည့် နှစ်နိုင်ငံကြား သဘောတူညီမှု စာချုပ်များကို ဆက်လက် ဖော်ဆောင်ရန်၊ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆက်လက် ထိန်းသိမ်းရန် လိုလားကြောင်း ပြောကြားခဲ့သည်။

၁၉၄၉ ပြည်တွင်းစစ်အပြီး ကွန်မြူနစ်တို့ အောင်ပွဲခံသည့်နောက် တရုတ် ကူမင်တန် ပါတီသည် ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးလာကာ ထိုင်ဝမ်နိုင်ငံကို တည်ထောင်ခဲ့ သည်။ တရုတ်ကမူ ထိုင်ဝမ်သည် ၎င်းတို့၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အစဉ်တစိုက် သတ်မှတ် ကြေညာခဲ့သည်။

Ref: Fox News


Leave a Reply