ပါရီရာသီဥတု သဘောတူညီချက်ကို အတည်ပြု လက်မှတ်ရေးထိုးမည့် ဥပဒေမူကြမ်း ပြင်သစ်ပါလီမန် ထောက်ခံ

ပြီးခဲ့သည့် ဒီဇင်ဘာတွင် ပါရီမြို့၌ နိုင်ငံပေါင်း ၁၉၅ နိုင်ငံ အကြား ရရှိခဲ့သော ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို ပြင်သစ်အစိုးရက အတည်ပြု လက်မှတ်ရေးထိုးနိုင်မည့် ဥပဒေ မူကြမ်းတစ်ခုအား ပြင်သစ်ပါလီ မန်အဖွဲ့ဝင်များက မေ ၁၇ ရက် တွင် ထောက်ခံခဲ့သည်။

ပြင်သစ်သည် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချရန် ရည်ရွယ်သော ရာသီဥတုဆိုင်ရာ သဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးသည့် ပထမဆုံး ဥရောပသမဂ္ဂနိုင်ငံ ဖြစ်လာတော့မည်ဖြစ်သည်။

အခြားသော ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများလည်း ဇွန်လကုန်တွင် အနိမ့်ဆုံးဝန်ကြီးအဆင့်၌ ဥပဒေမူကြမ်းကို ထောက်ခံရန် မျှော်လင့်ထားသည်ဟု ပြင်သစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီး စီဂိုလန်းရိုင်ယယ်က ပြောသည်။

National Front ပါတီအဖွဲ့ဝင်တစ်ဦးကလွဲ၍ ပါလီမန်အဖွဲ့ ၀င်အားလုံးသည် ယင်းဥပဒေမူကြမ်းကို ထောက်ခံ ခဲ့ကြသည်။

အဆိုပါ ဥပဒေမူကြမ်းကို အစိုးရက အတည်ပြုလက်မှတ်ရေးထိုးမှုမတိုင်မီ ဥပဒေပြုလွှတ်တော်တွင် နောက်ထပ် မဲခွဲဆုံး ဖြတ်မှုပြုလုပ်ရန် မျှော်လင့်ထားသည်။

ကမ္ဘာကြီးပူနွေးလာမှု လျှော့ချရန် ကမ္ဘာ့နိုင်ငံများအကြား ရာသီဥတုဆိုင်ရာ သဘောတူညီချက် ရရှိရန် ဒီဇင်ဘာတွင် ပြင်သစ်အစိုးရ ဦးဆောင်ကြိုးပမ်းခဲ့၍ ၁၉၅ နိုင်ငံအကြား သဘောတူညီမှု ရရှိပြီးနောက် ဧပြီလတွင် နယူးယောက်မြို့၌ ၁၇၅ နိုင်ငံက ယင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ဖန်လုံအိမ်ဓာတ်ငွေ့များ အဓိကထုတ်လုပ်သော တရုတ်နှင့် အမေရိကန်တို့က ၂၀၁၆ နှစ်ကုန်တွင် ရာသီဥတုဆိုင်ရာ သဘောတူညီမှုကို တရားဝင်အတည်ပြုမည်ဟု ကတိပေးထားသည်။

—Ref: Reuters


Leave a Reply