သီရိလင်္ကာမှာ မြေပြို ၃၇ ဦးသေ ၁၅၀ ပျောက်
Bulathkohupitiya ဆိုတဲ့ ရွာမှာ စစ်သားတွေ ကူညီကယ်ဆယ်ရေး ပြုလုပ်နေစဉ် (Credit: AFP)
သီရိလင်္ကာနိုင်ငံမှာ သုံးရက်ကြာ မိုးတွေ အဆက်မပြတ် ရွာသွန်းတဲ့အတွက် မြေပြိုမှုတွေ ဖြစ်ပြီး လူ ၃၇ ဦး သေဆုံးရသလို လူအယောက်ပေါင်း ၁၅၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေး အဖွဲ့သားတွေက ရွှံ့တွေထဲကနေ လူသေအလောင်းတွေကို ဆွဲထုတ်နေဆဲ ဖြစ်သလို အဲဒီဒေသကို ကူညီဖို့ စစ်သားတွေ၊ ရေတပ်သားတွေကိုလည်း အစိုးရက ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။
သီရိလင်္ကာ သမ္မတ ကလည်း ရေကြီးမှုနဲ့ မြေပြိုမှု ဒဏ်ကို ခံရတဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ပါတယ်။
မြေပြိုင်မှု ဖြစ်တဲ့ ဒေသဟာ လက်ဖက်စိုက်ခင်းတွေ ပေါတဲ့ ဒေသဖြစ်ပြီး ရဟတ်ယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေအရ ရေကြီးမှုက ရွာတွေကို အလုံးအရင်းလိုက် လွှမ်းမိုးသွားတာတွေကို တွေ့ရပြီး အဲဒီဒေသ တခုလုံး တောင်ကျရေအရောင်တွေ လွှမ်းမိုးသွားတာကို တွေ့ခဲ့ရပါတယ်။
ရေကြီးမှုနဲ့ မြေပြိုမှုတွေရဲ့ ဒဏ်ကို လူပေါင်း သုံးသိန်းခွဲကျော်လောက် ခံစားနေရပြီး အဲဒီလူတွေကို ယာယီ ခိုလှုံရေး စခန်းမှာ နေရာ ချထားပေးနေရပါတယ်။ စနေနေ့ကတည်းက ၃၀၀ မီလီမီတာလောက် ရွာသွန်းတဲ့ မိုးတွေကြောင့် တံတားတွေ၊ လမ်းတွေလည်း ပျက်စီးကုန်လို့ ပျက်စီးသွားတဲ့ အိမ်တွေ၊ အဆောက်အဦးတွေကို ပြင်ဆင်မွမ်းမံဖို့အတွက် စက်ပစ္စည်းတွေ သယ်ဆောင်လို့ မရပဲ ဖြစ်နေရပါတယ်။
ပျောက်ဆုံးနေတဲ့ လူတွေကိုလည်း တွေ့ကရ ပစ္စည်းတွေ၊ လက်ဗလာတွေနဲ့ပဲ ရှာဖွေပြီး အကူအညီပေးနေရတယ်လို့ ကြက်ခြေနီ အသင်းကလည်း ပြောပါတယ်။
မိုးခေါင်ရေရှားပြီး ပူပြင်းတဲ့ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ် ကုန်ဆုံးလာတာနဲ့အမျှ အယ်လ်နီညိုရဲ့ ဆန့်ကျင်ဘက် ရာသီဥတု ဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တဲ့အတွက် မြေပြိုမှုတွေ၊ မိုးသည်းထန်မှုတွေနဲ့ ရေကြီးမှုတွေ ဖြစ်နိုင်တယ်ဆိုပြီး အာဏာပိုင်တွေက အရင်ကတည်းက သတိပေးထားတာရှိလို့ လက်ဖက် စိုက်ပျိုးတဲ့ ဒေသက လူအများအပြား အရင်ကတည်းက ပြောင်းရွှေ့မှုတွေ လုပ်ခဲ့ကြတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ABC Radio Australia