ယဉ်ကျေးမှုစစ်မှ အမျိုးကိုချစ်မည်

 maxresdefault

မြန်မာအမျိုးသမီးများတွင် ယဉ်ကျေးမှုစတင်ထွန်းကားစဉ်ကာလကပင် ပဝါခြုံသော ယဉ်ကျေးမှုရှိခဲ့သည်။ ပုဂံခေတ်က ပန်းအလှထိုးထားသော ပဝါများ ပခုံးပေါ်တင် ဝတ်ဆင်ကြသည်။ ပဝါကို မြန်မာအမျိုးသမီးများ၏ ရိုးရာအဆင်တန်ဆာ တစ်မျိုးအဖြစ် ပွဲနေပွဲထိုင်၊ အခမ်းအနားတိုင်းတွင်လည်းကောင်း၊ ဘုရားသွားကျောင်းတက်ရာတွင်လည်းကောင်း မပါမဖြစ် သော ပခုံးတင်အဆင်တန်ဆာတစ်ခုအဖြစ် ဝတ်ဆင်အသုံးပြုကြသည်။ ထိုသို့ဆင်ယင်ခြင်းသည်လည်း မြန်မာတို့၏ ယဉ်ကျေးမှုတစ်ခုဖြစ်ပေသည်။
မြန်မာတို့ဓလေ့တွင် ပဝါခြုံနည်းအမျိုးမျိုးရှိရာ ဒေဝီခြုံနည်း၊ ကတော်ခြုံနည်း၊ အပူသည်ခြုံနည်း စသည်ဖြင့် အမျိုးမျိုးကွဲကြ သည်။ များသောအားဖြင့် ဘုရင်မ၊ မိဖုရား အစ ယနေ့တော်ဝင်သူအားလုံးလည်း ကတော်ခြုံနည်းကဲ့သို့ ပဝါနှစ်စကို ရှေ့ကို ချပြီး အရှည်ဝဲ/ယာအညီ ဝတ်ဆင်လေ့ရှိပါသည်။

ပရိဒေဝမီးတောက်လောင်သူများက ပဝါတစ်ဖက် ပခုံးပေါ်တင်၍ခြုံလေ့ရှိကြောင်းတွေ့ရသည်။ များသောအားဖြင့် ဒေဝီခြုံ နည်းသည် ရာသီဥတုဒဏ်ကိုကာကွယ်ရန် အနွေးထည်သဘော ခြုံတတ်သောအလေ့ရှိသည်။ သို့သော် မွန်လူမျိုးများက သူတို့ယဉ်ကျေးမှုအတိုင်း သိုင်းပြီးခြုံတတ်ပါသည်။ အင်မတန် မင်္ဂလာရှိပါသည်။

အိန္ဒိယတိုင်းရင်းသူများက ယာဘက်ကျောမှနေခြုံပြီး ဝဲဘက်ချိုင်းအောက်ယူ၊ ဝဲဘက်လက်ဖျံပေါ်တင်ခြုံနည်းလည်း ရှိသည်။
၎င်းကို မြန်မာတိုင်းရင်းသူများ ကျင့်သုံးပါက မျိုးမစစ်သူဖြစ်ပြီး၊ အမျိုးသားရေး စိတ်ဓာတ်အားနည်းသူဟု ဆိုကြသည်။ ထို့အပြင် ပဝါကို စာရီခြုံသလို လည်ပင်းမှာပတ်ခြုံခြင်းကလည်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်နေသည်ဟု ဆိုကြသည်။

ယနေ့အချိန်သည် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီလွှတ်တော်ကျင်းပချိန်ဖြစ်သည်။ ထိုလွှတ်တော်တွင် တက်ရောက်လျက် ရှိသည့်အမျိုးသမီးရာခိုင်နှုန်းသည် ယခင်ကထက် တိုးတက်လာကြောင်း တွေ့ရသည်။ ၎င်းလွှတ်တော်တက်နေကြသော လူထုခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်အမျိုးသမီးအားလုံးတို့သည် ပဝါခြုံသည့်အခါ မြန်မာဆန်ဆန် မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပဝါကလေးနှစ်စရှေ့တွင် အစညီစွာအသာချပြီး မြန်မာ့ဓလေ့လိုက်နာကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။

 

၂၀၁၆ ခုနှစ် မေလ (၁၈) ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ဖော်ပြ ပါသည်။


Leave a Reply